Part 24(Unicode)

5.1K 629 109
                                    

ငယ်ဘဝကနေ ကြီးပြင်းအရွယ်ရောက်လာသည့်အထိ သင်ယူစရာတွေ လေ့လာစရာတွေ ဆက်တိုက်လေ့ကျင့်မှုတွေဖြင့် အသားကျခဲ့ရသည်။ပြီးတော့ လုပ်ငန်းခွင်တန်းဝင်ပြီး ‌အောင်မြင်မှုအတွက် တိုက်ခိုက်ရ ရုန်းကန်ရဖြင့် သူ့အတွက် အားလပ်ချိန်ဆိုတာ များများစားစားမရှိခဲ့ရသလို အချိန်ဖြုန်းဖို့ဆိုတာဟာလည်း စိတ်ကူးလို့တောင်မရသည့်ကိစ္စဖြစ်ခဲ့သည်။အတော်များများ‌ပြီးပြည့်စုံနေခဲ့သည့်ဘဝမှာ အရှားပါးဆုံးကအချိန်တွေသာဖြစ်ခဲ့သည်။အခုတော့ ရုတ်တရက်ကြီး သူ့မှာအားလပ်ချိန်တွေ ပေါများပိုလျှံလာခဲ့ပြီဖြစ်သည်။ကုမ္ပဏီမှ သူ့နေရာကို လက်လွှတ်လိုက်ရခြင်းအတွက် စိတ်ထိခိုက်ရသည်ဆိုပေမဲ့ ဒီလိုအားလပ်ချိန်အများအပြားရနေတာကိုတော့ သူအတန်ငယ်ကျေနပ်မိပါသည်။မာမီကတော့ ဒီကိစ္စအတွက် စိတ်ပျက်တယ်ဟုသာ ‌မှတ်ချက်ပြုခဲ့ပြီး နောက်ထပ်ဆက်သွယ်မှုတစ်စုံတစ်ရာတောင်မပြုခဲ့တော့ချေ။

ဒါက မာမီ့၏အကျင့်စရိုက်သာဖြစ်သည်။ရင်ကဖြစ်သည့် သားသမီးအရင်းအခြာပင်ဖြစ်နေပါစေဦး သူမမျှော်လင့်ထားသည့် targetကိုမရောက်‌ဘူးဆိုပါလျှင် ဥပေက္ခာပြုပစ်ဖို့ ဝန်မလေးသည့်သူဖြစ်၏။သူရော ဝေးလ်ရောဟာ မာမီ့ဆီမှအာရုံစိုက်မှုကို ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ မက်မောကြသူများဖြစ်သည်။သူတို့တိုက်ခိုက်နေကြတာ ရယူလိုမှုစည်းစိမ်များအတွက်မဟုတ်ပါပဲ မာမီ၏ကျေနပ်အပြုံတစ်ပွင့်အတွက်၊မာမီ့၏ယုံကြည်မှုတစ်ခုအတွက်၊မာမီ့၏အာရုံစိုက်မှုတစ်ခုအတွက် မာမီ့၏ပွေ့ဖက်မှုတစ်ခုတည်းအတွက်သာဖြစ်သည်။ဒါကိုသူရော ဝေးလ်ရောငယ်စဥ်ကတည်းက မက်မောခုံမင်ကြပါသည်။ဒီပြေးလမ်းပေါ်ရှိနေရခြင်း၏ တစ်ခုတည်းသောအကြောင်းပြချက်ဟာ မာမီ့ကြောင့်သာဖြစ်လေသည်။

နေးလ် သက်ပြင်းကိုအသာရှိုက်မိပြီးမှ ခေါင်းထဲမှအတွေးစတို့ကိုရှင်းလင်းထုတ်ရသည်။villa အပေါ်ဆုံးထပ်ရှိ rooftop gardenလေးထဲ အခုမှပဲစိတ်အေးလက်အေးဖြင့် အသက်ရှုရတာကိုတောင် ကျေနပ်နေခဲ့မိသည်မဟုတ်ပါလား။ငယ်ငယ်ကတည်းက စိမ်းစိမ်းစိုစိုအပင်တွေကို သဘောကျသည်။အပင်တွေကြားမှာကော်ဖီတစ်ခွက်ဖြင့် စာအုပ်တစ်အုပ်ကို စိတ်အေးလက်အေးဖတ်ပြီး အနားယူချင်ခဲ့သည်။ဘာအတွက်မှ တွက်ချက်ပူပန်မနေရပဲဖြင့်ပေါ့။အခုတော့ သူ့စိတ်ကူးကို တကယ်အကောင်အထည်ဖော်ပစ်ဖို့ အချိန်ကောင်းပဲဖြစ်သည်။ညနေခင်းမှာ အိမ်ပြန်လာမည့်တစ်စုံတစ်ယောက်ကို အခုလိုမျိူး အေးအေးလူလူ စာအာပ်တစ်အုပ်ဖတ်ရင်း စောင့်မျှော်နေရတာဟာလည်း ငြိမ်းအေးမှုတစ်ခုပင်ဖြစ်သည်။

My Black LiarWhere stories live. Discover now