မီးအမှောင်ချထားတဲ့ ကွန်ဒိုအခန်းလေးက သာမန်ထက်ကိုပိုပြီးတိတ်ဆိတ်လိုနေသည်။အမှောင်ထုက လူကိုပို၍တိတ်ဆိတ် အထီးကျန်စေသလိုမျိုး ခံစားရသည်။နေးလ် မီးခလုတ်အား စမ်းဖွင့်လိုက်တော့ အခန်းထဲမှာလင်းချင်းသွားခဲ့သည်။ဧည့်ခန်းတစ်ခုလုံးက ရှင်းလင်းတိတ်ဆိတ်လို့နေသည်။မီခါတစ်ယောက် အိပ်ခန်းထဲမှာဖြစ်ပုံရသည်။မီခါက အိမ်ပြန်လာပြီဆို ဧည့်ခန်းမှာရှိနေတတ်တာမျိုးကရှားသည်။နေးလ် အိပ်ခန်းဆီသို့ ဦးတည်လာခဲ့လိုက်သည်။ခပ်ဟဟပွင့်နေသော အိပ်ခန်းတံခါးမှတဆင့် အထဲသို့ကြည့်ကြည့်လိုက်တော့ ညအိပ်မီးရောင်မှိန်ပြပြဖြင့် အမှောင်ကျနေသော အခန်းငယ်အားတွေ့လိုက်ရသည်။
"မှိုင်း!..."
နေးလ်အသံပြုရင်းဖြင့် အခန်းထဲသို့လှမ်းဝင်လိုက်တော့ အမှောင်ခန်းထဲမှာ မီခါ၏အသံရှုသံမျှင်းမျှင်းအား ကြားလိုက်ရသလို ခံစားလိုက်ရသည်။ညအိပ်မီးရောင် မှိန်ပြပြအောက်မှာ မျက်လုံးကျင့်သားရသွားတော့ ကုတင်ပေါ်၌ ကန့်လန့်ဖြတ်ကြီးလှဲနေပါသော မီခါ့၏ပုံရိပ်အား ဝိုးတဝါးတွေ့လိုက်ရတော့သည်။
"ဘာလို့ မီးပိတ်ထားတာလဲ..."
ကုတင်အနားသို့ တိုးကပ်သွားရင်းဖြင့် သူမေးမိတော့ မီခါ့ဆီမှ လှုပ်လှုပ်ရှားရှား အသံတစ်ခုထွက်လာခဲ့ပြီးမှ...
"ပိတ်ထားချင်လို့...."
ခပ်ဖျော့ဖျော့အသံက ဖုန်းထဲမှာထက်ကိုပို၍ တိုးလျဖျော့တော့နေခဲ့သည်။အမှောင်ထဲမှာဆိုပေမဲ့ နီးကပ်နေတာမို့ မျက်နှာကျက်ဆီသို့ ခပ်စိုက်စိုက်ကြည့်နေပါသော မီခါ့၏မျက်နှာအားမြင်နေရသည်။ငြိမ်သက်နေပါသော မီခါ့၏ပုံစံက တစ်ခုတစ်ခုကို စိတ်ပျက်လက်ပျက်ဖြစ်နေသလိုမျိုး။နေးလ် သက်ပြင်းကိုရှိုက်၍ စိုထိုင်းနေပါသော အပေါ်ထပ်ကုတ်အင်္ကျီအား ချွတ်ပစ်ပြီးမှ...
"ဘာလို့ပိတ်ထားချင်တာလဲ...."
"ဦးနှောက်က ပိတ်ထားလိုက်ဆိုပြီး သတင်းပေးလို့..."
မီခါက ရွှတ်နောက်နောက် ပြန်ဖြေပေမဲ့ လေသံကတော့ ပေါ့ပါးနေတာမျိုးမဟုတ်ပေ။ခြောက်ကပ်ကပ်ဖြင့် အက်ကွဲနေခဲ့ပြီး တစ်စုံတစ်ခုကြောင့် ထိခိုက်ခံစားနေရသလိုမျိုး။
YOU ARE READING
My Black Liar
Художественная прозаနှလုံးသားကို လိမ်ညာယူတဲ့ အဆိုးလေးရဲ့အကြောင်း....