"ဒီပရောဂျက်ကို လက်လွှတ်လိုက်ရတော့ တော်တော်လေးစိတ်မကောင်းဖြစ်နေမှာပဲနော်..."
ဝေးလ်က သူမ၏ထုံးစံအတိုင်း ပြုံးထေ့ထေ့ဖြင့်ခနဲ့သည်။သူ့၏အမှားဆိုတာထက်ကို သူမ၏နောက်ကျောမှဓားချက်ကြောင့် သူ့၏အစီအစဥ်တွေ ယိမ်းယိုင်ကုန်ရတာဖြစ်သည်။ဒီသင်္ဘောတည်ဆောက်ရေး ပရောဂျက်က သူ့၏အနှစ်နှစ်အလလက စိတ်ကူးယဥ်အိမ်မက်ဖြစ်ခဲ့သည်။ပြီးတော့ NWလုပ်ငန်းစုမှာ သူ့၏ကြီးမားသောဂုဏ်လည်းဖြစ်သည်။နဂိုကတည်းက အသက်ငယ်ရွယ်မှုကြောင့် NWအုပ်စု၏ ဆက်ခံသူနေရာအတွက် ဒါရိုက်တာအဖွဲ့ဝင်တချို့က သူ့ကိုမယုံကြည်ခဲ့ကြပေ။ဝေးလ်ကိုသာ ပိုယုံကြည်သည့်အဖွဲ့ဝင်တချို့ရှိခဲ့သလို သူ့၏လုပ်ရည်ကိုင်ရည်ကို စောင့်ကြည်နေမည်ဆိုသော သဘောရှိသည့် အဖွဲ့ဝင်တချို့ကလည်းရှိနေကြသည်။ဒီလိုအရေးကြီးသည့် အကြီးမားဆုံးကိစ္စမှာမှ သူ့မှာဟာကွက်ဖြစ်ခဲ့ရသည်။
ဝေးလ်၏ စကားကို နေးလ်မသိကျိုးကျွံပြု၍ ဘာမှပြန်မပြောတော့ ဝေးလ်က အောင်နိုင်သူလိုအပြုံးမျိုးဖြင့်...
"အရမ်းကြီးတော့ စိတ်မကောင်းမဖြစ်ပါနဲ့ ဒီပရောဂျက်က်ို ငါအကောင်းဆုံးလုပ်မှာပါ..."
"...."
"ဒီလိုနဲ့ မာမီက ငါ့အောင်မြင်မှုတွေကြောင့် စိတ်ပြောင်းသွားရင်တော့ ငါလည်းမတတ်နိုင်ဘူးပေါ့"
ဝေးလ်၏စကားကြောင့် သူခပ်ဖွဖွပြုံးဖြစ်ပြီးတော့မှ...,
"ပရောဂျက်တစ်ခုပါပဲ၊စိတ်မကောင်းဖြစ်စရာမရှိပါဘူး၊ဒီပရောဂျက်လေးတစ်ခုက ငါ့ကိုအများကြီးမခြိမ်းခြောက်နိုင်ဘူး ဝေးလ်"
နေးလ်ပြောတော့ ဝေးလ်ကနှုတ်ခမ်းတွန့်ပြုံးလိုက်ပြီးမှ...
"သေချာရဲ့လား! အခုပဲနင်ထိုင်နေရတဲ့ခုံကနေ ဖယ်ပေးလိုက်ရပြီမဟုတ်ဘူးလား! ဒီပရောဂျက်ပြီးရင် နင့်ရဲ့ရပိုင်ခွင့်တွေကို မဆုံးရှုံးလိုက်ရမှာရော သေချာနေရဲ့လား။အခုတောင် မာမီရဲ့ယုံကြည်မှုတွေက ဝေဝါးနေပြီမဟုတ်ဘူးလား..."
ဝေးလ်၏စကားတို့က မှန်သင့်သလောက်မှန်နေတာမို့ သူရုတ်တရက်ကြီး ဘယ်လိုတုံ့ပြန်ရမှန်းမသိ။နေးလ် ထွက်ပေါက်မဲ့နေတာကို ဝေးလ်ကအားရကျေနပ်သလိုမျိုးပြုံးပြီးတော့မှ...