ခါးပေါ်မှတင်းကျပ်နေသော အထိအတွေ့ကြောင့် နေးလ်ခန္ဓာကိုယ်အနေအထားအား ပြင်ဆင်လိုက်ပြီးမှ ကိုယ်ပေါ်ရှိ မီခါ၏လက်တို့အား အသာအယာဖယ်ထုတ်လိုက်သည်။သူထထိုင်လိုက်သည့်အထိ မီခါကအသက်ရှုသံမှန်မှန်ဖြင့် အိပ်မောကျနေဆဲပင်။နာရီကိုကြည့်လိုက်တော့ မနက်၇နာရီအတိကို ညွှန်ပြလို့နေသည်။ဒါက သူ့ရဲ့ပုံမှန်အိပ်ရာထချိန်ပဲဖြစ်သည်။ဘယ်လောက်ပဲ အိပ်ရာဝင်တာညနက်ပါစေ မနက်ဆိုတာနှင့် နိုးရမည့်အချိန်ကိုပုံမှန်နိုးနေတတ်တာလည်း မာမီသင်ကြားပေးခဲ့သည့် အကျင့်ကောင်းတစ်ခုသာဖြစ်လေသည်။
နေးလ် ကိုယ်လက်သန့်စင်ပြီးသည့်အထိ မီခါကတော့ မနိုးသေးပေ။မီခါက အိပ်ရာထနောက်ကျတတ်တာ သူတို့ပတ်သတ်မှု၏အတွေ့အကြုံအရ သိရှိနေပြီးသားဖြစ်သည်။သူအောက်ထပ် ဧည့်ခန်းသို့ရောက်တော့ တစ်နေ့တာ အချိန်ဇယားအပြည့်ဖြင့် အသင့်ရောက်ရှိနေပြီဖြစ်သော မြတ်သူအား တွေ့လိုက်ရတော့သည်။
"morning ကိုနေးလ်..."
"morning..."
မြတ်သူလက်ထဲမှ schedualတို့အား ဆွဲယူကြည့်လိုက်ရင်း ပြန်လည်နှုတ်ဆက်လိုက်သည်။ပထမဦးဆုံး meetingက ၈နာရီအတိစမှာမို့ အခုပဲအိမ်ကနေထွက်ဖို့ ပြင်လိုက်တော့သည်။
"မနက်စာ စားလို့ရပါပြီ ကိုနေးလ်!..."
အဒေါ်ကြီးက အနောက်ခန်းထဲမှနေ၍ ထွက်လာရင်း မနက်စာစားဖို့အတွက် ပြောသည်။အိမ်မှာက သူတစ်ယောက်တည်းသာမို့ လူပိုလည်းမထားဖြစ်ပဲ စားရေးသောက်ရေးအတွက်ကိုတော့ ဘေးကပ်ရပ် ရပ်ကွက်ထဲရှိ အဒေါ်ကြီးကိုသာ မနက်လာညပြန်အကူအဖြစ် ခေါ်ထားလိုက်တော့သည်။ဗီလာရှိသည့်အိမ်ရာဝင်း၏ အပြင်ဖက်ကပ်ရပ်မှာက သာမန်လူလတ်တန်းစား ရပ်ကွက်လေးရှိသည်။အဒေါ်ကြီးက ထိုရပ်ကွက်မှာပဲနေတာမို့ မနက်လာညပြန်သွားရေးလာရေးက အဆင်ပြေလှသည်။
"လမ်းမှာပဲ စားလိုက်တော့မယ်..."
နေးလ်ပြောရင်းဖြင့် နေရာမှထရပ်ပြီးမှ...
"အပေါ်က တစ်ယောက်အတွက်ပဲ ပြင်ထားပေးလိုက်တော့..."
"ဟုတ်ကဲ့ ကိုနေးလ်..."