ပတ်ဝန်းကျင်တစ်ခုလုံးက မြူလိုလိုအခိုးအငွေ့တို့ဖြင့် မသဲမကွဲဖြင့် ပိန်းပိတ်လို့နေသည်။မြေအောက်ခန်းလိုမျိုး ကွန်ဂရစ်လျှောက်လမ်း၏ တဖက်တချက်ဆီမှာ ဝါကျင့်ကျင့် မီးလုံးလေးတွေ အစီအရီထွန်းညှိလို့ထားသည်။ဒီနေရာကို ဘာကြောင့်ရောက်လာမှန်းလည်းမသိ၊ဘာအတွက်ရောက်နေမှန်းလည်း မသိချေ။လမ်းရဲ့အဆုံးမှာဘာရှိနေမှန်းမသိပေမဲ့လည်း သူတဖြည်းဖြည်းချင်းဆက်လျှောက်လို့နေမိသည်။လျှောက်နေရင်းဖြင့် အလင်းရောင်က ပိုပို၍အားနည်းလို့လာသည်။မြေအောက်ခန်းလျှောက်လမ်း၏ အဆုံးမှာတော့ သံတိုင်များဖြင့်ကန့်ထားသော အခန်းငယ်တစ်ခုရှိလို့နေသည်။နေးလ် ထိုအခန်းရှေ့သို့ရောက်သွားတာနှင့် ကလေးငယ််များ၏ ဝမ်းနည်းစွာငိုကြွေးနေပါသော အသံတို့အား ကြားလိုက်ရတော့သည်။
သံတိုင်တို့ဖြင့်ကာရံထားသော အခန်းထဲမှာ အရွယ်တူကလေးလေးတွေ အများကြီးရှိနေကြကာ ကြောက်ရွံ့စွာဖြင့် အော်ဟစ်ငိုကြွေးလို့နေကြ၏။ကလေးတွေကို ဖမ်းဆီးထားတဲ့အခန်းဆိုတာကို သူ့စိတ်ထဲမှာ အလိုအလျောက်သိလို့နေပေမဲ့ ဘာကြောင့်ဖမ်းဆီးထားမှန်းမသိသလို ဒီနေရာက ဘယ်နေရာဆိုတာလည်းမသိချေ။သူကြည့်နေစဥ်မှာပဲ အခန်းရှေ့သို့ လူကြီးနှစ်ယောက်ရောက်လာကာ ကလေးငယ်တို့အား အရုပ်ကလေးများသဖွယ် စွေ့ကနဲပွေ့ချီသွားလေသည်။ထိုလူများရောက်လာတာနှင့် ကလေးများ၏အသံတို့က ပို၍ဆူညံ၍လာသည်။
ကလေးတစ်ယောက်က မလိုက်ချင်၍ အော်ဟစ်ရုန်းကန်နေတာကြောင့် ထိုလူကြီးက လက်ထဲမှအသင့်ရှိနေသော ဆေးထိုးအပ်ဖြင့် လက်မောင်းကိုထိုးချလိုက်၏။ထိုအခါမှပဲ ရုန်းကန်နေပါသောကလေးက တဖြည်းဖြည်းချင်း ငြိမ်သက်သွား၏။နောက်ထပ် အော်ဟစ်နေကြပါသော ကလေးများအားလည်း ထိုသို့ပင်ပြုလုပ်၏။
"သူတို့ကို ရောင်းစားတော့မှာလေ..."
နားနားကပ်၍ ပြောလိုက်သောအသံကိုသာ ကြားလိုက်ရပေမဲ့ လူကိုတော့မတွေ့ရ။ရုပ်ရှင်အနှေးပြကွက်တွေလိုမျိုး မျက်စိရှေ့မှာ မြင်နေရသော မြင်ကွင်းတို့အား ရပ်ကြည့်နေတုန်း နောက်ဆုံးမှာတော့ ငြိမ်သက်နေပါသော ကလေးတစ်ယောက်အား ပွေ့ချီထွက်လာတာကိုတွေ့လိုက်ရ၏။ထိုကလေး၏ မျက်နှာအားမြင်လိုက်ရချိန်မှာတော့ ရပ်ကြည့်နေရာမှ သူလှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။