Part 25(zawgyi)

853 29 1
                                    

အမှောင်ချထားသည့် အခန်းထဲမှာ ‌သူ့၏အသက်ရှုသံမှလွဲ၍ မည်သည့်လှုပ်ရှားမှုအသံ တစ်စုံတစ်ရာပင်မရှိနေချေ။မီခါနှင့်ပြဿနာတတ်ပြီးကတည်းက ဒီဟိုတယ်ဆီသို့ နေးလ် ရှောင်ပြေးလာခဲ့တာ ဒီနေ့ဖြင့်ဆို ၃ရက်ရှိပြီဖြစ်သည်။ဝန်ခံရလျှင် သူ့၏အရုပ်ကြိုးပြတ်ပြိုလဲပျက်စီးမှုတို့ကို မည်သူတစ်ဦးတစ်ယောက်ရှေ့မှာမှ မဖော်ပြချင်သည့် အရှက်သည်းမှုမာနတရားတို့ကြောင့်ဖြစ်သည်။ဘ၀မှာဒီတစ်ကြိမ်လောက်အထိ တစ်ခါမှ ပစ်စလတ်ခတ်မပြိုလဲခဲ့ဖူး။ဒီတစ်ခေါက် အနာကျင်ဆုံးပါလို့ ပြောရလောက်သည့်အထိ သူထိခိုက်နာကျင်နေရသည်။ဘဝတစ်ခုလုံးနှင့်အတူ စိတ်ဝိဉာဉ်ခံစားချက်တွေအကုန်လုံးဟာ တစ်စစီ‌ကျိုးကြေပျက်စီးကုန်ပြီဖြစ်သည်။သေမလို ခံစားရသည်ဟူသော အဖြစ်ကို သူအခုမှနဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရတာဖြစ်သည်။

‌သွေးသားရင်းချာ မောင်နှမ၏ခြေထိုးမှုကိုလည်း အံ့သြနာကျင်ရသလို၊မာမီ့၏ ပြတ်တောက်နိုင်မှုကိုလည်း သူနာကျည်းမိသည်။ဒီအမှားဟာ ဘယ်ကမြစ်ဖျားခံလာသလဲဟုတောင် ဖြေတွေးမပေးချင်သည့်အထိ တင်းမာနေခဲ့သည့် မာမီ့၏စိတ်ကို သူဒီတစ်ခါတော့ စိတ်ပျက်သွားမိပြီဖြစ်သည်။ငတ်မွတ်ခဲ့ရသည့် မေတ္တာတရားကို မဆာလောင်နိုင်တော့သည့်အထိ မမက်မောချင်တော့သည့်အထိ သူ့စိတ်ခံစားချက်တို့ဟာ သေဆုံးသွားခဲ့ပြီဖြစ်သည်။မှားခဲ့တာ ခြေတစ်လှမ်းလေးဆိုရင်တောင် သူဟာရင်မှဖြစ်လာသည့် သားသမီးရင်းချာပဲမဟုတ်ပါလား။ရပိုင်ခွင့်တွေကို ဆုံးရှုံးလိုက်ရခြင်းထက် မာမီ့ဆီမှာ သူ့အတွက်ဖေးမခြင်းတို့ မရှိခဲ့တာကို နာကျင်မိတာဖြစ်လေသည်။

မေတ္တတရားကို ငတ်မွတ်ခဲ့ရတာချင်းအတူတူ တစ်စုံတစ်ယောက်နှင့် ခံစားချက်ချင်းမျှတချင်ခဲ့မိသည်။ခါးသီးမှုချင်းတူညီခဲ့ကြသူချင်းမို့ သူတို့ဟာ အပြန်အလှန်နားလည်နိုင်ကြမည်ဟု မဝံ့မရဲမျှော်လင့်ခဲ့မိသေးသည်။မေတ္တတရားကို ရောင်ပြန်ဟပ်စေဖို့ သူအရဲစွန့်ခဲ့မိသည်။‌‌‌‌သူပေးလိုက်သည့် မေတ္တတရား၏ လုံခြုံနွေးထွေးမှုတို့ဖြင့် ဒီကောင်လေးဟာ ညံ့သက်လာလိမ့်မည်ဟု သူမှားယွင်းတွက်ချက်မိခဲ့သည်။စိတ်၏အထိအရှတွေကို ကြောက်လွန်းလို့ သူ့၏စိတ်တံခါးကို ဘယ်တုန်းကမှမဖွင့်ဟဖြစ်ခဲ့။မည်ကဲ့သို့သော နှောင်ကြိုးထံကိုမှသူမတိုးဝင်ဖူးခဲ့။ခံစားချက်တိုင်းကို အမြဲတမ်းရှင်းရှင်းလင်းလင်းသာထားခဲ့သည်။

My Black LiarWhere stories live. Discover now