စားပွဲပေါ်ရှိ အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီက အေးစပြုနေပြီဖြစ်သည်။မနက်ကတည်းက အဒေါ်ကြီးသေချာပြင်ဆင်ထားပေးသည့် ပူနွေးသည့်စားသောက်ဖွယ်ရာတို့ဟာ တစစဖြင့်အေးစက်လာပြီဖြစ်သည်။ကော်ဖီကိုတောင် ခွက်ထဲဟန်ကျပန်ကျထည့်ပြီးသည့်အထိ မီခါမတို့ရသေး။အသင့်စား ကိတ်တစ်ချက်ကိုသာ ပါးစပ်ထဲပစ်ထည့်ပြီး အကြည့်ကဖုန်းscreenမှမခွာ။
"ကော်ဖီမသောက်ဘူးလား!..."
နေးလ် မနေနိုင်မထိုင်နိုင်မေးမိတော့...
"ပူနေလို့!..."
ကော်ဖီဆိုတာ ပူတုန်းအရသာခံသောက်ရတာမဟုတ်လား။ပြီးတော့စားသောက်ဖွယ်ရာဆိုတာ ပူနွေးလတ်ဆတ်နေမှ အရသာရှိတာမျိုးလေ။နေးလ်ကြည့်နေတုန်း မီခါက ကော်ဖီခွက်ကို အပူလျော့မလျော့ တချက်စမ်းကြည့်ပြီးမှတစ်ကျိုက်မော့သည်။ပြီးတော့ ရှေ့မှမုန့်ဟင်းခါးပန်းကန်ကို အေးသွားစေဖို့ မွှေနှောက်နေ၏။ကြည့်နေရင်းဖြင့် အာရုံထဲမှာ ဆီတစ်ပေါက်နှစ်ပေါက်သာ ဝေ့နေတဲ့ အရည်ရည်ကျဲကျဲ အရွက်ဆိုတာ ရှာဖွေကြည့်လို့တောင်မရတဲ့ ဟင်းရည်ပန်းကန်လုံးကို အမှတ်ရလာမိတော့သည်။ဖြူညစ်ညစ်အရောင်အဆင်းရှိတဲ့ ထမင်းက သူသိဖူးသလို ရှည်လျားကော့ညွတ်မွှေးပျံ့နေတာမျိုးမရှိ။သို့ပေမဲ့ ထမင်းစားဆောင်ထဲရှိ ကလေးအားလုံးကတော့ မြိန်ရေယှက်ရေစားသောက်နေကြသည်သာ။ထိုအချိန်ကတော့ ကလေးအရွယ်မို့ ဆင်းရဲခြင်းနှင့်ချမ်းသာခြင်းကြားက ကွာဟချက်ကိုတွေးမတတ်ခဲ့ချေ။အဖြူစင်ဆုံးသောအရွယ်မှာ ဒုက္ခဆိုသည့်စကားလုံးဟာ မရင်းနှီးဘူးမဟုတ်လား။
မီခါဟာ ဒီလိုအခြေအနေတို့ကိုဖြတ်ကျော်ခဲ့ရင်း ဘဝတစ်ဆစ်ချိုးပြောင်းခဲ့တာတောင်မှ ဆင်းရဲခြင်းမှာ အသားကျနေခဲ့တာလားလို့ တွေးမိတော့ နေးလ်ရင်နင့်သွားရခြင်းကို စကားလုံးတို့ဖြင့် မဖော်ပြတတ်တော့။အေးစက်နေပြီဖြစ်သော မုန့်ဟင်းခါးပန်ကန်းဆီလှမ်းလိုက်သော မီခါ့၏လက်အား အမှတ်တမဲ့ထွေးဆုပ်မိသည်။
ရုတ်တရက်ကြီး ဆုပ်ကိုင်လာပါသော နေးလ်၏လက်ဖဝါးနွေးနွေးတို့ကြောင့် သူ့၏အာရုံတို့နေးလ်၏ထံပါးသို့ ကျရောက်သွားရသည်။အကြည်ရောင်မျက်ဝန်းတွေထဲမှ ဂရုဏာအငွေ့အသက်တွေဟာ ဘာကြောင့်ဖြစ်တည်နေမှန်းတော့မသိပါ။နင့်နင့်နဲနဲအကြည့်တွေမှာ နွေးထွေးပေးလိုခြင်း၊ယုယပေးလိုခြင်း၊ထွေးပွေ့ထားလိုခြင်း အငွေ့အသက်တို့ဖြင့် ပြည့်သိပ်နေသည်။ထိုအကြည့်တို့ဆီမှာ သူ့တစ်ကိုယ်လုံးဟာ လုံခြုံစိတ်ချရသော ခံစားချက်တစ်ခုကို ခံစားမိလိုက်ရ၏။