"ကိုနေးလ်!..."
ရာသီဥတု၏ အအေးဒဏ်ကြောင့် ရေခဲတမျှအေးစပ်နေသောရေဖြင့် ကိုယ်လက်သန့်စင်ဖို့ရာ နေးလ်အပြင်းအထန်ကြိုးစားနေဆဲ အနောက်မှမြတ်သူ၏ခေါ်သံကြောင့် တန့်သွားရသည်။ဘာလဲဆိုသော သဘောဖြင့် နေးလ်ပြန်လှည့်ကြည့်လိုက်တော့ မြတ်သူကစိတ်ရှုပ်နေသလို ပုံစံမျိုးဖြင့်...
"ကိုနေးလ်ကို မီခါရှာနေတယ်!..."
"...."
မြတ်သူ၏စကားကြောင့် နေးလ်ဆွံ့အသွားရသည်။အခုလေးတင်ပဲ အိပ်ရာထဲကနေ သူထွက်ခဲ့တာမဟုတ်လား။မီခါက ညက ဆေးအရှိန်ဖြင့် အိပ်မောကျနေတာမို့ သူ အိပ်ရာမှ အသာအယာထလာခဲ့တာဖြစ်သည်။
!နိုးလာဝာာနဲ့ သူ့ကိုရှာနေစရာ ဘာအကြောင်းရှိလို့လဲ...!
မြတ်သူအား ခေါင်းဆတ်ပြလိုက်ပြီးမှ မျက်နှာသစ် ကိုယ်လက်သန့်စင်ခြင်းကို ခပ်မြန်မြန်ပဲအဆုံးသတ်လိုက်တော့သည်။အခန်းထဲသို့ပြန်ဝင်လာလိုက်တော့ စောင်ကြီးထွေးလျှက် မကြည်မလင်ဖြင့်ငုတ်တုတ်ကြီး ထိုင်နေသော မီခါ့အားတွေ့လိုက်ရသည်။
"နေးလ်!..."
နေးလ် ဝင်လာတာတွေ့လိုက်တာနှင့် မကြည်လင်နေသော မျက်နှာထားက ဝင်းပသွားခဲ့သည်။ပျောက်ဆုံးသွားသော အဖိုးတန်ပစ္စည်းအား ပြန်တွေ့လိုက်ရ၍ စိတ်ချမ်းသာသွားသည့် အပျော်လိုမျိူး။သူ့အားတွေ့တာနှင့် မီခါက လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး...
"ဘယ်သွားနေတာလဲ၊နှိုးလာတော့ ကျွန်တော့်တစ်ယောက်တည်း.."
"မျက်နှာသွားသစ်တာလေ..."
နေးလ်ပြောတော့ မီခါက စူပုပ်ပုပ်ဖြစ်သွားခဲ့ပြီးမှ...
"အဲ့ဒါနဲ့ပဲ နေမကောင်းတဲ့လူကို တစ်ယောက်တည်းထားပစ်ခဲ့တာလား..."
"...."
"နေမကောင်းတဲ့လူကို အနားမှာသေချာစောင့်ပေးရမှာ မဟုတ်ဘူးလား..."
မကြည်မလင်မျက်နှားထားဖြင့် ကလေးဆိုးကြီးလို ပုံစံဖမ်းပြောနေသော မီခါ့ကြောင့် နေးလ်ဘာပြန်ပြောရမလဲမသိတော့ပဲ ဆွံ့အသွားရသည်။ဘယ်တုန်းကများ ဒီလောက်အထိ ကလေးဆန်သွားရတာလဲ။