561 - 565

143 17 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း (၅၆၁) - ဟိတ်ဟန်အပြည့်ဖြင့် ရောက်ရှိလာခြင်း

ဝမ်ပေါင်လဲ့မှာ ထိုသို့ပြေးထွက်သွားရင်း သူ၏ညာဘက်လက်ကို မြှောက်ကာ သုံးရောင်ခြယ်ဓားပျံများကို ထုတ်လွှတ်လိုက်၏။ ၎င်းတို့မှာ သူ၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေကြပြီး ကြောက်မက်ဖွယ်ရာကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီဖြစ်သည်။ ၎င်းတို့ထဲမှ ဓားပျံတစ်လက်မှာ သူ၏ ခြေထောက်အောက်သို့ ရောက်လာသဖြင့် သူသည် ထိုဓားပျံပေါ်တွင် မတ်တတ်ရပ်နေသကဲ့သို့ ဖြစ်နေပြီး သူ၏ ဆံပင်များမှာလည်း လေထဲတွင် တလူလူ လွင့်နေတော့သည်။ သူ၏ ဘယ်ဘက်နှင့် ညာဘက်တွင်မူ တလက်လက်တောက်ပနေသည့် ဓားပျံနှစ်ချောင်း ရှိနေကြ၏။ ၎င်းတို့မှာ ကြယ်ပျံများကဲ့သို့ လေထုကိုထိုးခွင်းကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားကြတော့သည်။

ခုန်းတောက်မှာ ဝမ်ပေါင်လဲ့တစ်ယောက် လေရှည်မနေဘဲ ရုတ်ခြည်းဆိုသလို ပြေးထွက်သွားသည့်မြင်ကွင်းအား ငေးကြည့်နေလိုက်၏။ ထို့နောက် သူသည် ခေါင်းမော့၍ သူ၏အထက်တွင် ရှိနေသော ကောင်းကင်မြေပုံကြီးအား လှမ်းကြည့်လိုက်သောအခါ မျက်နှာအမူအရာများ ပြောင်းလဲသွားရတော့သည်။ သူတို့၏ အနီးတွင် သော့ပုံစံသင်္ကေတသုံးခု စုဝေးနေကြပြီး သူတို့ဆီသို့ ဦးတည်လာနေကြ၏။ ထို့ကြောင့် သူတို့မှာ ပစ်မှတ်ထားခံနေရခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထို ကျူးကျော်လာသူများမှာ ဝမ်ပေါင်လဲ့ သူတို့ဆီသို့ ပြေးလာနေသည်ကို သတိထားမိကြပါသော်လည်း ထွက်ပြေးသွားခြင်းမရှိသည့်အပြင် အရှိန် မြှင့်တင်လိုက်ကြ၏။ သို့ဖြစ်ရာ သူတို့မှာ နာရီဝက်အတွင်းတွင် မျက်နှာချင်းဆိုင် ကြုံတွေ့ကြတော့မည် ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ခုန်းတောက်မှာ စိုးထိတ်သွားရ၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏နောက်သို့ ချက်ချင်းပြေးလိုက်သွားပြီး သူ့အား လှမ်း၍ အော်ပြောလိုက်တော့သည်။

" ပေါင်လဲ့ ခဏနေဦး။ ငါတို့ရဲ့ပြိုင်ဘက်တွေက ဘယ်သူတွေလဲဆိုတာကို မသိသေးသလို သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကိုလည်း မသိသေးဘူး။ အဲတာမလို့ သူတို့နဲ့ ထိပ်တိုက် ရင်မဆိုင်သင့်ဘူးကွ။ ချုံခိုတိုက်ခိုက်တာ အကောင်းဆုံးပဲ "

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Where stories live. Discover now