366 - 370

173 16 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း (၃၆၆) - ဝေဖန်ချက်နှင့် အကဲဖြတ်ချက်

ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ဘုရင်ခံရုံးမှ သတိပေးစာကို လက်ခံရရှိလိုက်သောအခါ ချက်ချင်းပင် စိတ်လှုပ်တရှားဖြစ်သွား၏။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် လေ့ကျင့်နေရင်း စောင့်ဆိုင်းနေခဲ့ရသည် ဖြစ်သည်။ သူသည် ယခုလေးတင်မှ ပြည်ထောင်စုကြီးထဲသို့ ရောက်ရှိလာခဲ့သော ရိုးရိုးအအ လူငယ်လေး မဟုတ်တော့ပေ။ သူသည် မြို့တော်နယ်မြေအသစ် တစ်ခုလုံးကို အစမှနေ၍ တည်ထောင်ရတော့မည်ဖြစ်သည်။

ထိုစီမံကိန်းအတွက် ငွေအင်အား၊ လူအင်အား အမြောက်အမြား လိုအပ်၏။ ထို့ကြောင့်လည်း ဘုရင်ခံမှာ သူနှင့် တွေ့ဆုံဆွေးနွေးလိုခြင်းဖြစ်သည်။ သူမသည် စိတ်ချလက်ချ ဖြစ်ချင်သောကြောင့် သူ့အား ညွှန်ကြားချက်များ ပေးရန် လိုအပ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကြားစာကို ရရှိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် မတ်တတ်ထလာ၏။ ထို့နောက် သူသည် အဝတ်အစားလဲလိုက်ပြီး မှန်ရှေ့၌ ရပ်ကာ သူ့ကိုယ်သူ ကြည့်လိုက်၏။ သူသည် အကြိမ်ရေပေါင်း မြောက်မြားစွာ ကြည့်ရှုပြီးသည့်တိုင်အောင် အားမရသေးသောကြောင့် ထပ်၍ ကြည့်လိုက်ပြန်သည်။

" ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးနဲ့ ချောလိုက်တဲ့ မျက်နှာလေး... ငါ့လို ရုပ်ချောတဲ့ယောက်ျားမျိုးကို ရတဲ့မိန်းကလေးကတော့ ကံကောင်းတာပဲ " ဝမ်ပေါင်လဲ့မှာ သူ၏အလှတရားများထဲတွင် နစ်မျောနေတော့သည်။ ထို့နောက် သူသည် ကျေနပ်အားရမှုအပြည့်ဖြင့် ကျောင်းထဲမှ ထွက်ခွာသွားပြီး သူ၏ သင်္ဘောပျံကြီးပေါ်သို့တက်ကာ ဘုရင်ခံရုံးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။

သင်္ဘောပျံကြီးမှာ လျင်မြန်စွာ ပျံသန်းသွားလိုက်ပြီးနောက် ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူ၏ပန်းတိုင်ဆီသို့ ရောက်ရှိသွားတော့သည်။ သူသည် သင်္ဘောပျံကြီးထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရုံးထဲသို့ ဝင်ချည်ထွက်ချည်သွားလာလှုပ်ရှားနေကြသော လူများ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားလိုက်၏။ သူတို့အားလုံးမှာ ယောက်ျားမိန်းမမရွေး ဝမ်ပေါင်လဲ့အား အလိုအလျောက် ဦးညွှတ်အရိုအသေပေးမိလိုက်ကြ၏။ ဤ ဖက်တီးလေးမှာ ရာထူးတက်သွားခဲ့ပြီးဖြစ်သောကြောင့် ယခုလက်ရှိတွင် အာဏာကြီးမားသော လူတစ်ယောက်ဖြစ်နေပြီဖြစ်ကြောင်း သူတို့က နားလည်ထားကြ၏။

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Où les histoires vivent. Découvrez maintenant