လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း (၆၁၁) - မွေးစားဂိုဏ်းသား
ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းအဆင့်အား အကဲခတ်ကြည့်လိုက်ပြီးနောက် သူ၏အနာဂတ်အတွက် စိတ်ကူးများယဥ်နေမိတော့သည်။ သူသည် သူ၏ ဂိုဏ်းတူအစ်ကို နောက်ဆုံး၌ ပြောခဲ့သည့်စကားများကို အပြည့်အဝနားမလည်သေးပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူနားမလည်သည့် ကိစ္စများအတွက် အချိန်ကုန်ခံနေမည့် လူစားမျိုးမဟုတ်ပေ။
ထို့ကြောင့် သူသည် နှုတ်ခမ်းအား လျှာဖြင့်လျက်ကာ သူ၏ရှေ့တွင်ရှိနေသော သတ္တမမြောက်နန်းတော်အား လှမ်းကြည့်လိုက်၏။ သူသည် ထိုနန်းတော်ထဲသို့ ဝင်သင့်မဝင်သင့် စဉ်းစားနေစဉ်မှာပင် သူ၏နောက်ရှိ တတိယမြောက်နန်းတော်ရှေ့တွင် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ခုန်းတောက် ပေါ်ပေါက်လာ၏။ သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာပြီးနောက် အောက်သို့ထိုင်ချကာ တရားထိုင်နေလိုက်တော့သည်။
သူသည် တတိယမြောက်နန်းတော်၏ အတွင်းစည်းဂိုဏ်းသားစမ်းသပ်ပွဲကို မအောင်မြင်နိုင်ခဲ့သဖြင့် အပြင်စည်းဂိုဏ်းသားအဆင့်နှင့်သာ ကျေနပ်ရတော့မည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ခုန်းတောက်အား လှမ်း၍အကဲခတ်လိုက်ပြီးနောက် နောက်သို့ပြန်လှည့်လာပြီး သတ္တမမြောက်နန်းတော်အား ပြန်ကြည့်လိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုနန်းတော်ထဲသို့ ဝင်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာပါသော်လည်း နောက်ဆုံးတွင် သက်ပြင်းသာချလိုက်၏။ ဆဋ္ဌမမြောက်နန်းတော်မှာ သူ့အတွက် နောက်ဆုံးဖြစ်ကြောင်း သူက သိထားသည်။ သူ၏ ဂိုဏ်းတူအစ်ကို၏ အကူအညီကိုသာ မရရှိခဲ့ပါက သူသည် သေဆုံးသွားခဲ့မည် မဟုတ်ပါလော။ သူသည် ထိုတာဝန်ကို အောင်မြင်နိုင်ခဲ့မည်မဟုတ်ပေ။
ဆဋ္ဌမမြောက်နန်းတော်၏ စမ်းသပ်ပွဲပင်လျှင် ထိုကဲ့သို့ ဖြစ်နေသည်ဖြစ်ရာ သတ္တမမြောက်နန်းတော်မှာဆိုလျှင် ပို၍ပင်ဆိုးလောက်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ မကြိုးစားဘဲ အရှုံးပေးရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် ရှေ့သို့လှမ်းကာ ပင်မခန်းမထဲသို့ ဝင်သွားလိုက်တော့သည်။
BẠN ĐANG ĐỌC
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Phiêu lưuသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...