လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း ( ၂၁၁ )
ထပ်ပြီး ခရီးဆက်ကြမယ်ကျိုးရိဖန်၏ သိုင်းပညာအဆောင်မှ ဝတ်ရုံများမှာ ပျက်စီးစုတ်ပြဲနေပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အဝတ်စကြီးတစ်စကို ဆုတ်ဖြဲရန်အတွက် အားအများကြီး မသုံးလိုက်ရပေ။ ထို့ကြောင့် ကျိုးရိဖန်၏ ဖြူဖွေးနူးညံ့သော အသားအရေများ ပေါ်လာ၏။
သူသည် လက်ကိုဝှေ့ယမ်း၍ အသံကုန်အော်ဟစ်နေသောကြောင့် ချဉ်းကပ်လာသော သင်္ဘောပျံကြီးမှာ သူတို့ကို ချက်ချင်းပင် မြင်လိုက်ရတော့သည်။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် လေထဲတွင် ဝှေ့ယမ်းနေသော အဝတ်စထက် ဝမ်ပေါင်လဲ့၏ လုံးဝန်းနေသောခန္ဓာကိုယ်မှာ အာရုံဖမ်းစားနိုင်စွမ်း ပိုရှိနေ၏။
ထိုသင်္ဘောပျံကြီးမှာ ချက်ချင်းပင် သူတို့နားသို့ရောက်လာ၏။ ထို့နောက် ထိုသင်္ဘောပျံထဲမှ ကျောင်းမှ ကျင့်ကြံသူ ခုနှစ်ယောက် ရှစ်ယောက်ခန့် အလျင်စလို ခုန်ဆင်းလာကြသည်။ သူတို့အား ဦးဆောင်လာသူမှာ ကောင်းကင်တာအိုကျောင်း၏ လက်ထောက်ဂိုဏ်းချုပ်ပင် ဖြစ်သည်။ သူ ခုန်ဆင်းလာသောအခါ သူ၏ အနီရောင်ဝတ်ရုံရှည်မှာ လေထဲတွင် တလူလူလွင့်သွားပြီး ဧရာမသစ်ပင်ကြီးထက် ပို၍အစွမ်းထက်သော အငွေ့အသက်တစ်မျိုးမှာ ကောင်းကင်ယံထဲ၌ ချက်ချင်းပင် ပျံ့နှံ့သွား၏။
ဝမ်ပေါင်လဲ့မှာ ထိုအငွေ့အသက်များကို အနည်းငယ်ခန့်သာ အာရုံခံမိလိုက်ပါသော်လည်း သူ၏စိတ်ထဲ၌ ဖိနှိပ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသဖြင့် အသက်ရှူကျပ်လာတော့သည်။
လက်ထောက်ဂိုဏ်းချုပ်၏နောက်တွင် သက်လတ်ပိုင်းလူကြီးတစ်ယောက် လိုက်လာ၏။ သူသည် အပြာရာဝတ်ရုံရှည်တစ်ခုကို ဆင်မြန်းထားကာ သူ၏ပုံစံမှာ သာမန်ဟုသာထင်ရပါသော်လည်း သူ၏မျက်လုံးများထဲတွင် လျှပ်စီးများ လက်နေသကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီမှ တုန်လှုပ်ချောက်ချားဖွယ်ကောင်းလောက်အောင် ရက်စက်ကြမ်းတမ်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေ၏။ သူသည် လက်ထောင်ဂိုဏ်းချုပ်၏ ဘေးတွင် ရပ်နေသည့်တိုင်အောင် သူ၏ အငွေ့အသက်များမှာ မှေးမှိန်သွားခြင်းမရှိပေ။ ထို့ကြောင့် သူသည်လည်း အမြုတေအဆင့်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
ESTÁS LEYENDO
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Aventuraသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...