ရှောင်းကျန့်သူအလုပ်အနည်းငယ်အားလပ်ချိန်၌ အင်တာနက်တွင်အချက်အလက်တချို့ရှာဖွေလို့နေသည်။ရှောင်းကျန့်ရှာဖွေနေသည်များမှာအနုပညာလောကနှင့်ဆိုင်သည့်အရာများဖြစ်ပြီး၊အများစုမှာတက်သစ်စအဆိုတော်များကိုအင်တာဗျူးထားသောဗီဒီယိုများဖြစ်၏။
"အဆိုတော်တစ်ဦးဖြစ်ဖို့ရာအတွက် ပေးဆပ်ရတာတွေများတယ်...နားချိန်ကောင်းကောင်းမရှိဘဲအစားအသောက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော်တော်ထိန်းချုပ်ဂရုစိုက်ရတယ်..."
"Training ဘဝမှာအပြင်းအထန်လေ့ကျင့်ခဲ့ရသလို၊ ညစာအတွက်ပန်းသီးတစ်လုံးနဲ့ရေကိုပဲသောက်သုံးခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့တယ်..."
"နာမည်ကြီးလာတော့လည်းအလုပ်အချိန်ဇယားတွေကအပြည့်...ဒီကြားထဲကောလဟာလသတင်းတွေကိုအမြဲလိုလိုရင်ဆိုင်ကြရသေးတယ်..."
အင်တာဗျူးတွေထဲမှာပြောပြထားကြသည့်အချက်အလက်များကိုနားထောင်ကာရှောင်းကျန့်စိတ်သက်သာမှုမရှိစွာသက်ပြင်းချလိုက်သည်။ထိုသို့အဆိုတော်များနှင့်ပတ်သက်သည့်အကြောင်းအရာများ၊အခက်အခဲများကိုပို၍ဂဃနဏသိရအောင်ဗီဒီယိုများတစ်ပုဒ်ပြီးတစ်ပုဒ်လိုက်ကြည့်နေရင်း ရုံးခန်းထဲသို့မန်နေဂျာဝင်လာမှ ရပ်တန့်လိုက်၏။
"xxxx ကုမ္ပဏီကို နိုင်လွန်အထည် ၂ သိန်းပေးပို့ပြီးတဲ့ ပြေစာပါ..."
မန်နေဂျာဖြစ်သူ ကမ်းပေးလာသည့်ပြေစာကိုရှောင်းကျန့်ယူကာ ပြေစာများသီးသန့်ထားသည့်ဖိုင်အတွင်းသို့ ထည့်လိုက်၏။မန်နေဂျာမှပြန်ထွက်သွားတော့မည့်အခိုက်...
"မန်နေဂျာဟွမ်..."
"ပြောပါခင်ဗျ..."
"အလုပ်နဲ့မဆိုင်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ အနည်းအကျဉ်းမေးခွင့်ရှိမလား..."
"မေးပါ..."
"မန်နေဂျာဟွမ်ရဲ့သားလေးက ဘယ်အရွယ်ရောက်နေပြီလဲ..."
"၁၅ နှစ်ပါ နောက်နှစ်ဆိုအထက်တန်းရောက်တော့မယ်..."
"အဲ့ကလေးရဲ့ဝါသနာနဲ့ရည်မှန်းချက်ကဘာလဲဆိုတာ မန်နေဂျာဟွမ်သိလား..."