သုံးလကြာပြီးနောက်...
"ဟိုအကောင် အံဆွဲထဲကပိုက်ဆံတွေယူပြန်ပြီလား.."
"မနက်မိုးလင်းတာနဲ့ နင်သောက်ဖို့ကလွဲလို့ဘာသိလဲ...နင့်အသက်ကိုနင်ပြန်ကြည့်ဦး..."
"ဒီအမေအိုကြီးကိုတစ်ခါတောင်ကူမယ်မရှိဘူး မနက် ဆိုအစောကြီးထွက်သွား ညကျရင်မူးပြီးပြန်လာနဲ့ နင်ဘာအသုံးကျလဲ..."
မနက်နေရောင်ပင်မပေါ်သေး ဝေလီဝေလင်းအချိန်၌ အောက်ထပ်မှ အသံများကြောင့်ဝမ်ရိပေါ်ဆက်အိပ်၍မရတော့ဘဲ သူ့အိပ်ရာထက်တွင်လူးလိမ့်လို့လာ၏။ဝမ်ရိပေါ်အိပ်ရေးမဝသေးသော်လည်းအကြော များဆန့်တန်းလိုက်၍ သန်းဝေကာအိပ်ရာမှထလာသည်။အိပ်ရာခင်းနှင့်စောင်ကိုသေချာခေါက်၍ ခေါင်းအုံးကိုလည်းသူ့နေရာသူစနစ်တကျထားကာ သူ၏အခန်းကျဉ်းလေးထဲမှထွက်လို့မျက်နှာသစ်သွားတိုက်ပြီးနောက် အောက်ထပ်သို့ဆင်းလာ၏။
ဝမ်ရိပေါ် လှေကားမှဆင်းလာသည်ကိုမြင်သည့် အသက် ၇၀ ခန့်ရှိသော အိမ်ရှင်အဘွားက...
"လူလေး နိုးလာပြီလား..."
"ဟုတ်ကဲ့ အဘွား..."
ဝမ်ရိပေါ် တလေးတစားဖြေပြီးသူနေ့စဉ်လုပ်နေကျအလုပ်တစ်ခုကဲ့သို့ အိမ်အောက်ထပ်၌ နံရံဘက်သို့ကပ် ထားသော စားပွဲခုံများထိုင်ခုံများကိုတညီတညာစီရင်း ထိုအဘွား၏ဆိုင်ခန်းဖွင့်ရန်အတွက်ပြင်ဆင်ပေးလို့နေ၏။ ခုံများသူ့နေရာသူကျသွားသည့်အခါ အိမ်အောက် ထပ်တစ်ဖြစ်လဲ စားသောက်ဆိုင်တစ်ဖြစ်လဲဖြစ်သောအိမ်ဆိုင်လေး၏ တံခါးမကြီးကိုဖွင့်လိုက်၏။
မနက် ၇ နာရီပင်မထိုးသေးသည်ကြောင့် စားသုံးသူများမလာသေးခင်တွင် အိမ်ရှင်အဘွားပြင်ဆင်ပေးထားသည့် ဆန်ပြုတ်တစ်ပန်းကန်နှင့်မန်ထိုပေါက်စီတစ်လုံးကိုဝမ်ရိပေါ်အရင်ဆုံးစားလိုက်သည်။
မနက် ၇ နာရီခွဲချိန်တွင်ဆိုင်အတွင်းသို့ လူတစ်ယောက်စနှစ်ယောက်စရောက်လို့လာ၏။ထိုအခါ ဝမ်ရိပေါ်သူ၏တစ်နေ့တာလုပ်ငန်းဆောင်တာကိုစတင်သည်။
"ဆန်ပြုတ် သုံးပွဲနဲ့ အီကြာကွေးနှစ်ပွဲ..."
"ဟုတ်ပြီ လူလေး...ရေနွေးအိုးရပြီ အရင်ချပေးလိုက်ဦး..."
