ဝမ်ရိပေါ် သူတို့အိမ်နှင့်မျက်စောင်းထိုးအိမ်ဖြစ်သော ကျင်းရီ၏အိမ်သို့ရောက်နေသည်။မေဂျာမတူသောသူများဖြစ်သည်ကြောင့်ကျောင်းဖွင့်ရက်များ၌မဆုံဖြစ်သော်လည်း ဒီလိုမျိုး စနေ တနင်္ဂနွေပိတ်ရက်များတွင်တော့ ဆုံဖြစ်ကြတာဖြစ်၏။ ဒီနေ့က ဘောလုံးချိန်းပွဲမရှိသည်ကြောင့် ကျင်းရီ၏အိမ်တွင်သာနှစ်ဦးသား ဂိမ်းကစားနေကြခြင်းဖြစ်သည်။
"မင်းက စောစောစီးစီး ရေချိုးလာခဲ့ပြီးပြီလား..."
စိတ်ပါလက်ပါ ဂိမ်းကစားနေကြရင်းကျင်းရီက ချွေးထွက်နေသည့်သူ့ကိုယ်သူငုံ့နမ်းလိုက်ပြီးနောက် သူနှင့်ဆန့်ကျင်ဘက် မွှေးပျံ့နေသောဝမ်ရိပေါ်ကိုမေးလိုက်သည်။
"မင်းလည်း လေးလေး အကြောင်းသိရဲ့သားနဲ့...အိပ် ရာထလာပြီဆိုတာနဲ့ သပ်သပ်ရပ်ရပ်နေစေချင်တာ..."
"လေးလေး ရော ဘာလုပ်နေလဲ..."
"ဒီနေ့အိမ်ကိုဧည့်သည်တွေလာမယ်ဆိုလို့ ဦးလေးယန်ကိုကူပေးနေမယ်ထင်တယ်...ခုနကတော့ဦးလေးယန်က လေးလေးကို မီးဖိုချောင်ထဲကနေ ပထုတ်လိုက်လို့ ခြံထဲမှာသစ်ရွက်ခြောက်တွေလိုက်ရှင်းနေတယ်..."
ဝမ်ရိပေါ် သူ့ဟာသူပြောပြီး သဘောကျစွာရယ်နေသည့်အခါ ကျင်းရီလည်း လိုက်ရယ်လိုက်ပြီး...
"လေးလေး က မပျင်းဘူးလား မသိဘူးနော်...တစ်ပတ်လုံးအလုပ်သွားပြီး ပိတ်ရက်ကျတော့လည်းအိမ်မှာပဲနေတယ်..."
"အိမ်မှာငါရှိနေတာပဲ ပျင်းစရာလား..."
ကျင်းရီဘာဆက်ပြောရမှန်းမသိတာကြောင့်ဂိမ်းသာဆက်ဆော့နေရင်း တစ်ပွဲပြီးသွားသည်ကြောင့်အကြောဆန့်လိုက်ရင်း...
"အအေးသောက်ဦးမလား ရိပေါ် အောက်ထပ်မှာငါသွားယူမလို့..."
"ဘာအအေးရှိလဲ..."
"ရေခဲသေတ္တာထဲမှာ coca cola ဘူးကြီးတစ်ဘူးတော့တွေ့တယ်..."
"အင်း သောက်မယ်..."
"နောက်တစ်ပွဲ မဝင်သေးနဲ့နော်...ငါပြန်လာမှဆော့..."
"အေးပါ..."
အေးပါ လို့ပြောလည်း ဝမ်ရိပေါ်ကို ကျင်းရီသိပ်မယုံသည်ကြောင့် အိမ်အောက်ထပ်သို့ဝုန်းဒိုင်းကြဲဆင်းသွား၏။ ရေခဲသေတ္တာထဲက အအေးဘူးနှင့် ဖန်ခွက်နှစ်ခုကို အမြန်ဆွဲလာပြီးနောက်အိမ်ပေါ်ထပ်သို့ဝုန်းဒိုင်းကြဲပြန်တက်လာခဲ့၏။