သူ့ရှေ့မှာဒူးထောက်၍သည်းလွန်းစွာငိုနေသောဝမ်ရိပေါ်၏ရှေ့တွင်ရှောင်းကျန့်ဒူးတစ်ဖက်ထောက်ထိုင်လိုက်သည်။
ဝမ်ရိပေါ်ကခေါင်းငုံ့ထားသည်ကြောင့်မျက်နှာမပေါ် သော်လည်းနားရွက်ဖျားနှစ်ဖက်ပင်နီရဲတွတ်နေသည် ဖြစ်ရာ နှာခေါင်းထိပ်နှင့်မျက်ခွံများလည်းနီရဲလို့နေလိမ့်မည်ဟုရှောင်းကျန့်ခန့်မှန်း၍ရ၏။ငိုသံတို့သည်အက်ရှနေပြီးသူခေါ်နေသည်ကိုပင်မော့မကြည့်လာ။
"ရိပေါ်..."
ဝမ်ရိပေါ်၏မျက်နှာကိုရှောင်းကျန့်လက်နှစ်ဖက်ဖြင့်ထိန်းကိုင် ပင့်မော့လိုက်ပြီးမျက်နှာချင်းဆိုင်ဖို့ကြိုးစားလိုက်၏။ဝေဝါးနေသည့်ဝမ်ရိပေါ်၏မျက်ဝန်းများကိုရှောင်းကျန့်ကရုဏာသက်စွာကြည့်သည်။ပါးပေါ်စီးကျနေသည့်မျက်ရည်များကိုလက်မဖြင့်ညင်သာစွာသုတ်ပေးရင်း...
"မငိုနဲ့တော့လေ ရိပေါ်..."
"လေးလေး~~"
"အင်း လေးလေးရှိတယ်...မငိုနဲ့တော့ မငိုနဲ့တော့...စိတ်တွေအရမ်းပင်ပန်းလိမ့်မယ်..."
လေသံနွေးနွေးနဲ့ချော့နေသံကြောင့်ဝမ်ရိပေါ်ပိုငိုချင် လာရကာ မျက်ရည်များရပ်တန့်သွားခြင်းမရှိတော့။ဒူးထောက်လျက်ပင်ရှောင်းကျန့်ကိုသိုင်းဖက်လိုက်ပြီး...
"ကျွန်တော့်အမှားတွေအတွက် ခွင့်လွှတ်ပေးမှာလား...ကျွန်တော်ပြောခဲ့တာတွေအတွက်၊လေးလေးအပေါ် ရိုင်းပျခဲ့တာတွေအတွက်၊လူကြီးတွေကိုအသိမပေးဘဲအိမ်ကနေထွက်ပြေးသွားတာတွေအတွက် အကုန်ခွင့်လွှတ်ပေးမှာလားဟင်...အခုချက်ချင်းခွင့်မလွှတ်ပေးနိုင်ဘူးဆိုရင်တောင် ဖြည်းဖြည်းချင်းခွင့်လွှတ်ပေးမယ်မဟုတ်လားဟင်..."
"လေးလေးမင်းကို ဘယ်တုန်းကမှအပြစ်မယူခဲ့ပါဘူး ရိပေါ်..."
"အင့်~~"
ဝမ်ရိပေါ် ၏မျက်ရည်များအနည်းငယ်စဲသွားသလိုရှိသည်။ဖက်ထားရာမှခွာလိုက်သည့်အခါပါးထက်ရှိမျက်ရည်များကိုညင်သာစွာသုတ်ပေးနေသောရှောင်းကျန့်ကိုမရဲတရဲကြည့်လိုက်၏။ပြောသည့်စကားနှင့်ထပ်တူညီစွာ အပြစ်တင်မှုတွေအလျင်းမပါဘဲ ကြိုဆိုခြင်းများဖြင့်လွှမ်းခြုံနေသည့်မျက်ဝန်းများအောက်တွင်သူ့စိတ်များနွေးထွေးတည်ငြိမ်လာရသည်။