မနက် ၅ နာရီခွဲကတည်းကဝမ်ရိပေါ်အိပ်ရာနိုးလာသည်။နိုးတစ်ဝက်၊အိပ်တစ်ဝက်ခဏခဏနိုးနေခဲ့တာဆိုရင်ပိုမှန်မည်။သူအိပ်ပျော်နေတုန်းမနက်အစောကြီး သူမသိလိုက်ချိန်တစ်စုံတစ်ယောက်ကအလုပ်ထသွားမှာကိုစိုးကြောက်မိ၍ဖြစ်၏။
ဝမ်ရိပေါ် သူနှင့်တူတူအိပ်ရာတစ်ခုတည်းအိပ်နေသူမနိုးစေရန် အိပ်ရာပေါ်မှအသံမမြည်အောင်ဖြည်းဖြည်းထကာ မျက်နှာသစ်ခြေလက်သန့်စင်ပြီးအိမ်ရှေ့ဝရံတာကိုထွက်လာသည်။
"ဂလုံ...ဂလွမ်..."
နေမထွက်သေးချိန်အမှောင်ထဲမှာဖြစ်၍မမြင်မစမ်းနှင့်လုပ်နေသည့် ဝမ်ရိပေါ်က လက်ထဲမှအပင်ရေလောင်းသည့်ခရားလေးလွတ်ကျသွားသည့်အခါသူ့အောက်နှုတ်ခမ်းကိုကိုက်လိုက်သည်။ပြီးလျှင်ရေခရားကိုခေတ္တချ၍အိမ်ထဲသို့ပြန်ဝင်ကာရှောင်းကျန့်၏အိပ်ခန်းတံခါးကိုအသာလေးတွန်း၍ဖွင့်ကြည့်လိုက်၏။ရှောင်းကျန့်နိုးထလာခြင်းမရှိဘဲဆက်လက်အိပ်ပျော်နေသည်ကိုတွေ့သည့်အခါစိတ်သက်သာရာရသွားဟန်ဝရံတာဘက်သို့ပြန်ထွက်လာသည်။
ဒီတစ်ခါတော့ ထင်ထင်ရှားရှားမြင်ရအောင်ဝရံတာရှိမီးသီးလေးကိုဝမ်ရိပေါ်ဖွင့်လိုက်သည်။ခြံထဲရှိအပင်များရေလောင်းသည့်ရေပိုက်ဆီသွား၍သူ့လက်ထဲကရေခရားကိုရေဖြည့်လိုက်ပြီး ဝရံတာသို့ပြန်လာကာ ရှောင်းကျန့်ပျိုးထားသော ဝက်သစ်ချဘွန်ဆိုင်းပင် လေးကို ရေဖောဖောသီသီလောင်းပေးလို့နေ၏။ထိုအလုပ်က မနက်တိုင်းရှောင်းကျန့်လုပ်နေကျအလုပ်ဖြစ်သော်လည်း ဝမ်ရိပေါ်ကအလိုက်တသိဖြင့်ကိုယ်စားလုပ်ပေးနေခြင်းဖြစ်သည်။
"ကျွီ..."
ခြံတံခါးပွင့်လာ၍ ဝမ်ရိပေါ်လှမ်းကြည့်လိုက်တော့ အလုပ်ဝင်ဖို့လာနေပြီဖြစ်သည့်ဦးလေးယန်ကိုတွေ့သည်။ဦးလေးယန်မတွေ့ခင်မှာပင်သူကကြိုပြီး လေသံမတိုးမကျယ်ဖြင့်...
"မင်္ဂလာပါ ဦးလေးယန်..."
ရုတ်တရက်တော့ ဦးလေးယန်မျက်လုံးကြောင်သွား၏။သူဒီအိမ်မှာအလုပ်လုပ်ခဲ့စဉ်တစ်လျှောက်လုံးဒီလောက်အစောကြီးဝမ်ရိပေါ်နိုးထလာသည်ကိုမမြင်ဖူးခြင်းကြောင့်ဖြစ်သည်။
