"ထျန်းဥက္ကဋ္ဌရောက်နေပါတယ်..."
မန်နေဂျာဖြစ်သူ၏အကြောင်းကြားမှုကြောင့် ချည် ထည်များကို ကိုယ်တိုင်ကိုယ်ကျကြီးကြပ်စစ်ဆေးနေသည့်ရှောင်းကျန့်က အပ်ချုပ်ရုံထဲမှထွက်လာခဲ့၏။ထျန်းလုပ်ငန်းစုဆိုသည်မှာ အဝတ်အထည်နှင့်ပတ်သက်သောကိုယ်ပိုင် brand တစ်ခုရှိတာဖြစ်ပြီး ဝမ်လုပ်ငန်းစု၏အထည်ချုပ်လုပ်ငန်းများနှင့်ရှေးယခင်ကတည်းက လက်တွဲလုပ်လာကြခြင်းဖြစ်သည်။
ဝမ်အထည်ချုပ်စက်ရုံများမှရရှိလာသောကုန်ကြမ်းထည်များကို ထျန်းလုပ်ငန်းစုကသူတို့ကိုယ်ပိုင်နည်းပညာဖြင့် အချောပြန်သပ်၍ brand တံဆိပ်တပ်ပြီး ဈေးကွက်ထဲကိုတွင်တွင်ကျယ်ကျယ်ပြန်လည်ဖြန့်ချီကြခြင်းမျိုးဖြစ်၏။
ထို့အပြင်ထျန်းလုပ်ငန်းစုသည် ဝမ်မိသားစု၏အထည် လုပ်ငန်းအကျပ်အတည်းတွင်းရောက်ရှိစဉ်က လက်တွဲမဖြုတ်ခဲ့သောသစ္စာရှိသည့် လုပ်ငန်းစုတစ်ခုဖြစ်ပြီး၊ ဝမ်အထည်စက်ရုံများပြိုလဲမသွားအောင် ပြန်လည်ဆွဲတင်ပေးခဲ့သည့်သူများထဲမှတစ်ခုအပါအဝင်ဖြစ်ခဲ့၏။ထို့ကြောင့် ရှောင်းကျန့်သည် ထျန်းလုပ်ငန်းစုကိုအခြားသောလုပ်ငန်းစုများနဲ့ယှဉ်ပါက ကျေးဇူးသိတတ်စွာဖြင့် ဦးစားပေးအလေးထား၏။
ရှောင်းကျန့်သူ၏ရုံးခန်းထဲပြန်ရောက်လာသည့်အခါ ရုံးခန်းအလယ်မှာရှိသောကျွန်းသားဆက်တီများ၌ထိုင်စောင့်နေသည့် ထျန်းဥက္ကဋ္ဌကိုတွေ့၏။ရှောင်းကျန့်ကထျန်းဥက္ကဋ္ဌရှိရာသို့လျှောက်လှမ်းလိုက်ကာပျူငှာသည့်အမူအရာဖြင့်...
"မင်္ဂလာပါ...နေကောင်းရဲ့လား..."
"နေကတော့ကောင်းပြီးသား...ငါတို့ချင်းလူကိုယ်တိုင်မတွေ့ရတာဘယ်လောက်တောင်ကြာနေပြီလဲ..."
"ဟုတ်ကဲ့...တော်တော်ကြာနေပါပြီ...ထျန်းဥက္ကဋ္ဌကျွန်တော့်ကိုလူကိုယ်တိုင်လာတွေ့တာအရေးကြီးကိစ္စရှိလို့လား..."
"အရေးကြီးကိစ္စရယ်လို့တော့မဟုတ်ပါဘူး...ဒီတိုင်းပဲ အထည်လေးတွေလာအပ်ရင်း အလုပ်နဲ့မသက်ဆိုင်တဲ့ဟိုအကြောင်းဒီအကြောင်းလေးတွေလည်းပြောရင်းပေါ့..."