ဝမ်ရိပေါ် သူ့မျက်စိရှေ့၌မှောက်ထားသောတားရော့ကတ် ၇ ကတ်ထဲမှ တစ်ကတ်ကိုဆွဲယူပက်လက်လှန်လိုက်သည်။အဆုံးထိဆန့်ကျင်ကြည့်ဖို့ဆုံးဖြတ်ချက်ချကာ သူ့သဘောနဲ့သူကျောင်းထွက်စာတင်ခဲ့သည့်ဝမ်ရိပေါ်က ခြေဦးတည့်ရာလျှောက်ခဲ့ရင်းတားရော့အလကားဟောသည့်ဆိုင်တစ်ခုရှေ့တွင် အတင်းဆွဲခေါ်ခံခဲ့ရတာဖြစ်၏။
"အချစ်ရေးကံခေနေတယ်..."
သူလှန်ထားသည့်ကတ်ကိုကြည့်ပြီးဟောနေသည့်လူ၏စကားကြောင့်ဝမ်ရိပေါ်ဟက်ကနဲရယ်မိသည်။
"ချစ်တဲ့သူဆီကအငြင်းခံရကိန်းရှိတယ် သို့မဟုတ် အငြင်းခံခဲ့ရပြီးတာလည်းဖြစ်နိုင်တယ်..."
ဝမ်ရိပေါ်သူ၏နှုတ်မှ "နှစ်ခေါက်တိတိ" ဆိုသည့်စကားကို မထုတ်ပြောရုံတမယ်ဖြစ်၏။
"အညံ့အဆိုးတွေပျောက်ဖို့ရာအတွက် အဆောင်ပစ္စည်းလေးတွေ ဆောင်ထားသင့်တယ်..."
တားရော့ဟောသူကပြောပြီး သူ၏ဆိုင်အတွင်းဘက် ထဲသို့ဝင်သွားကာ လက်ထဲ၌ လက်တစ်ဝါးခန့်အရွယ်ရှိသော dream catcher သုံးခုကိုင်လာခဲ့၏။
"ဒါလေးတွေက တစ်ခုမှ xxx ယွမ်ပဲ...အိမ်မက်ဆိုးတွေကိုလည်း ဖယ်ရှားပေးသလို အညံ့တွေကိုလည်းကင်းစင်စေတယ်...သုံးခုကို xxx ယွမ်နဲ့ထားပေးမယ်..."
လူကဲခတ်ပညာကျွမ်းကျင်သည့်လူများ၏ပစ်မှတ် သည် ဟိုမရောက်ဒီမရောက်အရွယ်လူငယ်များဖြစ်၏။ အဆွယ်ကောင်းကောင်းဖြင့် ထိုးရောင်းနေသည့် dream catcher များကိုဝမ်ရိပေါ်မဝယ်ယူခဲ့သော်လည်း သူ့ပိုက်ဆံအိတ်ထဲမှ အကြွေစေ့တချို့ချပေးခဲ့ကာဆိုင်ထဲမှထွက်လာသည်။
"ဘာလုပ်နေလဲရိပေါ်..."
"မင်းကျောင်းမှာရှိနေတယ်မလား..."
"စာသင်နေတာမဟုတ်ဘူးဆိုရင် video call နဲ့ ခေါ်ပြ..."
မနက်ကတည်းကသူ့ကိုစိတ်မချ၍ကျောင်းထဲထိအတူတူလိုက်လျှောက်ပြီး Lecture အခန်းရှေ့ထိလိုက်ပို့ခဲ့သည့်ရှောင်းကျန့်ထံမှစစ်ဆေးသည့်သဘောဖြင့်တစ်တောက်လျှောက်လုံးတန်းစီဝင်နေသည့်စာများကို "စာသင်နေတယ်"ဆိုသည့်စာတစ်ကြောင်းဖြင့် ဝမ်ရိပေါ်ရပ်တန့်စေလိုက်ပြီးနောက် ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်သည်။