"ခေါ်တယ်ဆိုလို့..."
မနက်စောစောစီးစီးအခေါ်ပါးခံရသည့်ဝမ်ရိပေါ်က CEO ၏ရုံးခန်းထဲတွင်ရောက်နေသည်။
"ဟိုခုံမှာ ခဏထိုင်စောင့်နေ...လုပ်လက်စအလုပ်ပြီးရင်လာခဲ့မယ်..."
ရုံးခန်းအလယ်ရှိဧည့်တွေ့ဆိုဖာခုံတွင်ဝမ်ရိပေါ်ငြိမ်သက်စွာထိုင်၍ CEO ကိုစောင့်နေ၏။ ရောက်တာဘယ် လောက်မှမကြာသေးဘူး ရုံးခန်းခေါ်တွေ့ခံနေရပြီဖြစ်သောကြောင့် ဝမ်ရိပေါ်အနေနဲ့ဒီနေ့မနက်တခြား trainee များ၏ အာရုံစိုက်မှုကိုခံနေရတာဖြစ်သည်။
"ဘာကြောင့်ခေါ်တွေ့လဲဆိုတာသိမှာပေါ့..."
နာရီဝက်ခန့်ကြာသည့်အခါ သူနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်ပြီးမေးနေသည့် CEO ကို ဝမ်ရိပေါ်ခေါင်းခါပြလိုက်သည်။ရုံးခန်းသို့အခေါ်ခံရခြင်းအကြောင်းကိုရိပ်စားမိသော်လည်း...
"မသိပါဘူး...ဘာကြောင့်လဲဆိုတာ CEO ဘက်ကပြောပြပေးမယ်ဆိုရင်တော့ ကျေးဇူးတင်မိမှာပါ..."
"ကောင်းပြီ ကွေ့ဝိုက်မပြောနေတော့ဘူး...မနေ့တုန်းက စီနီယာတစ်ယောက်ကိုလူကြားထဲမှာမချေမငံဆက်ဆံခဲ့တယ်လို့ပြန်ကြားတယ်..."
"အဖြစ်စဉ်အလုံးစုံကိုဘယ်အတိုင်းအတာထိကြားခဲ့ရလဲတော့မသိပေမယ့် တကယ်ဖြစ်ခဲ့တာကိုပြောပြခွင့်ပြုပါ..."
CEO က ဆက်ပြောဆိုပြီး မေးဆတ်ပြလိုက်သည့်အခါ ဝမ်ရိပေါ်ဖြစ်စဉ်အစအဆုံးကိုပြောသည်။ပြောသမျှခေါင်းတညိတ်ညိတ်လုပ်ပြီးနားထောင်နေသည့် CEO က ဝမ်ရိပေါ်၏ရှင်းပြချက်အဆုံးမှာတော့...
"ဘယ်လိုပဲဖြစ်ခဲ့ပါစေ...စီနီယာတစ်ဦးအပေါ်ဒီလိုဆက်ဆံခဲ့တာ မှားတဲ့လုပ်ရပ်တစ်ခုပဲ...ဒီလောကမှာအမြင့်ရောက်ချင်ရင် ကိုယ့်ရဲ့စီနီယာအရှေ့မှာကိုယ့်ကိုယ်ကိုယ်နှိမ့်ချရမယ်ဆိုပြီး နှလုံးသွင်းထားရတယ်..."
ယုတ္တိမရှိလွန်းသည့်ဆုံးမစကားကြောင့် ဝမ်ရိပေါ်၏မျက်ခုံးများတွန့်ချိုးသွားရသည်။ထိုစကားကိုလက်မခံသည့်သဘောဖြင့်...
"ငယ်ငယ်လေးကတည်းက တစ်ပါးသူအပေါ် လူမှုရေးသိတတ်ပြီး လေးလေးစားစားဆက်ဆံရမယ်လို့ ကျွန်တော်မှတ်သားသင်ယူခဲ့ဖူးပေမယ့် ကပ်ဖားလျက်ဖားလုပ်ပြီး အောက်ကျို့ရမယ်လို့တော့တစ်ခါမှမသင်ယူခဲ့ဖူးပါဘူး..."