"ညနေကျရင် ကျွန်တော့်ကို မစောင့်နဲ့တော့ လေးလေး...ကျွန်တော်တို့ group meeting ရှိလို့ ရိပေါ်ပြီးတာနဲ့ ပြန်လိုက်ကြတော့နော်..."
"ကောင်းပါပြီ ကျင်းရီ..."
ခါတိုင်းလိုပင် အလုပ်မသွားခင် ဝမ်ရိပေါ်နှင့်သူ့ကိုကျောင်းသို့ဝင်ပို့ပေးသည့် ရှောင်းကျန့်ကို ကားအနောက်ခန်းမှ ကျင်းရီကညနေသူ့ကိုမစောင့်တော့ဖို့ပြောပြီး ကားပေါ်မှဆင်းသွားသည်။ကျင်းရီဆင်းသွားသော်လည်း ကားအရှေ့ခန်းမှာရှိနေသည့်ဝမ်ရိပေါ်ကမဆင်းသေးဘဲ ဆက်ထိုင်နေဆဲဖြစ်၏။
"ဆင်းလေ ရိပေါ်..."
ဝမ်ရိပေါ်နှုတ်ဆိတ်၍သာနေသည်။
ဝမ်ရိပေါ်နှင့်ရှောင်းကျန့်တို့နှစ်ဦးသားအိမ်မှာအတူရှိချိန်များ၌တစ်ဦးကိုတစ်ဦးစကားကောင်းစွာမပြောဖြစ်ကြတော့သည်မှာရက်အတော်ကြာပြီဖြစ်သည်။ရှောင်းကျန့်ဘက်မှ ပုံမှန်အတိုင်းပင်ဖြစ်ဟန်ရှိ သော်လည်း ဝမ်ရိပေါ်ဘက်မှ ရှောင်းကျန့်နှင့်မျက်နှာချင်းမဆိုင်တာဖြစ်၏။
ရှောင်းကျန့်ဧည့်ခန်းထဲမှာရှိနေလျှင် ဝမ်ရိပေါ် သူ့အခန်းထဲဝင်နေလေ့ရှိပြီး ရှောင်းကျန့်အိမ်ရှေ့မှာမရှိလျှင် တော့ သူထွက်လာတတ်တာဖြစ်၏။ မနက်စာဆိုရှောင်းကျန့်ထက်အရင်ကြို စားတတ်၍ ညနေစာစားချိန်ဆိုရင်လည်း ရှောင်းကျန့် ထမင်းစားစားပွဲရောက်မလာမီစားထားတတ်၏။ကျောင်းလိုက်ပို့သည့်အခါများတွင်လည်းယခုကဲ့သို့တစ်လမ်းလုံးစကားမပြောဘဲ ကားပြတင်းမှန်ဘက်သို့သာ မျက်နှာလွှဲနေတတ်တာဖြစ်၏။
"ကျွန်တော် ဘောလုံးအသင်းကထွက်တော့မှာ..."
တစ်လမ်းလုံးတိတ်ဆိတ်နေပြီးမှ ဝမ်ရိပေါ်ဘက်မှ ပထမဦးဆုံးစပြောလာသည့်စကားကြောင့် ဝမ်ရိပေါ်၏မျက်နှာကိုရှောင်းကျန့်မျက်ခုံးများအနည်းငယ်တွန့်ချိုး၍ကြည့်လိုက်သည်။ဝမ်ရိပေါ်က မျက်နှာလွှဲထားဆဲဖြစ်သော်လည်း သေချာဆုံးဖြတ်ထားပြီးသားအသွင်ဆောင်နေသည်ကြောင့် ရှောင်းကျန့်သူ့မူအတိုင်းလေသံအေးအေးဖြင့်ပင်...
"မင်းသဘောပဲ..."
ဝမ်ရိပေါ် လွှဲထားသည့်မျက်နှာကိုချာကနဲလှည့်ပြီး ရှောင်းကျန့်ကိုကြည့်သည်။