နေ့လယ်စာစားပြီးချိန်တွင်ရုံးခန်းအလုပ်စားပွဲပေါ်ဝမ်ရိပေါ် မေးကိုမှေးတင်၍သူ့မျက်နှာချင်းဆိုင်ကရှောင်းကျန့်ကိုကြည့်နေသည်။အလုပ်ထဲအာရုံစိုက်နေသည့် တည်တည်ငြိမ်ငြိမ်မျက်ဝန်းပေါ်ကမျက်တောင်စိပ်စိပ်များမှစ၍ မျက်နှာတစ်ခုလုံးကိုတစိမ့်စိမ့်ကြည့်လို့နေပြီး တံတောင်ဆစ်ထိအင်္ကျီလက်ကိုခေါက်တင်ထားသည့်လက်ဖျံနှင့်လက်ဖမိုးပေါ်မှစိမ်းပြာရောင်သွေးကြောများကိုလည်းကြည့်လို့နေ၏။
ရှောင်းကျန့်အလုပ်လုပ်နေခြင်းကို အနှောင့်အယှက်မပေးဘဲ ငြိမ်ငြိမ်လေးထိုင်ကြည့်နေသည့်ဝမ်ရိပေါ်ကကြမ်းပြင်နှင့်ထိကပ်နေသည့်သူ့ရှူးဖိနပ်များကို ရှောင်းကျန့်၏ရှူးဖိနပ်များနှင့်ထိပ်ဖျားခြင်းထိကပ်လိုက်၏။ထိုမှတစ်ဆင့်ရှေ့သို့အနည်းငယ်တိုးလိုက်ကာ ရှောင်းကျန့်၏ရှူးဖိနပ်ထိပ်ဖျားကိုဖွဖွလေးဖိထားသကဲ့သို့လုပ်၏။
ဖိနပ်ပေါ်ကဖိအားကြောင့်ရှောင်းကျန့်တစ်ချက်ကြည့် လာသည့်အခါဝမ်ရိပေါ်ပြုံးပြဖို့လုပ်သည်။သို့သော် ရှောင်းကျန့်ကအလုပ်ထဲချက်ချင်းအာရုံပြန်ရောက် သွားသည်ကြောင့်နှုတ်ခမ်းများကိုပင်တွန့်ကွေးသည့် အဆင့်မရောက်လိုက်။
ဝမ်ရိပေါ်မျက်ခုံးများတွန့်ချိုးသွားသည်။အရှေ့မှာရှိနေတဲ့သူကအလုပ်လောက်အာရုံစိုက်ခြင်းမခံရသည်ကြောင့် ရှောင်းကျန့်ဖိနပ်ပေါ်ဖိထားသည့်သူ့ဖိနပ်များကိုဖယ်လိုက်သည်။ထိုအစားဖိနပ်ကိုချွတ်လိုက်ပြီး ခြေအိတ်သာပါသည့်ခြေထောက်များဖြင့်ရှောင်းကျန့်၏ဖိနပ်များကိုလည်းဖယ်ခွာပစ်လိုက်၏။
ထိုထိတိုင်အာရုံစိုက်ခြင်းမခံရသည့်အခါဝမ်ရိပေါ် ရှောင်းကျန့်၏ဖိနပ်များကိုသူ့ဘက်ဆွဲယူပြီးဖိနပ်ချင်းလဲဝတ်ကြည့်ဖို့လုပ်သည်။သို့သော် ရှောင်းကျန့်၏ဖိနပ်size က သူနဲ့အနည်းငယ်ကွာနေသည်ကြောင့် အတင်းထိုးထည့်နေရင်း...
"လေးလေး ရဲ့ခြေထောက်ကကျွန်တော့်ထက်ပိုသေးသွားတာကြာပြီပဲနော်..."
သူနှင့်မတော်သည့်ဖိနပ်များကိုငုံ့ကြည့်ပြီးဂုဏ်ယူခြင်း၊ကျေနပ်ခြင်းများပြည့်နေသည့်အသံဖြင့်ပြောလာသော ဝမ်ရိပေါ်ကို ရှောင်းကျန့်ကြည့်လိုက်သည်။