ဦးလေးယန်တစ်ယောက်မီးဖိုချောင်ထဲမှာအလုပ်ရှုပ်လို့နေ၏။ဒီနေ့ကအရင်လို ရှောင်းကျန်နှင့်ဝမ်ရိပေါ်နှစ်ယောက်တည်းစာအတွက်ချက်ပြုတ်ပေးရခြင်းမဟုတ်ဘဲဝမ်ရိပေါ်၏ကျောင်းမှအဖွဲ့က အိမ်အထိစာနှင့်ပတ်သက်သောဆွေးနွေးမှုများလာလုပ်ကြမည် ဖြစ်ရာ လူတစ်အုပ်စာအတွက်ချက်ပြုတ်ပေးနေရခြင်းဖြစ်၏။
လူငယ်များကအစားမရွေးမှန်းဦးလေးယန်သိသော် လည်း ရှောင်းကျန့်၏မှာကြားမှုအရလိုရမယ်ရ ဟင်းအမယ်ပေါင်းများစွာလုပ်ပေးနေရ၏။ရှောင်းကျန့်ဝင်ရောက်ကူညီလုပ်ကိုင်သော်လည်း ရှောင်းကျန့်ကိုယ်တိုင်က အပြင်အလုပ်ကလွဲ၍မီးဖိုချောင်သိပ်ဝင်သည့်လူမဟုတ်သည့်အတွက်ကြောင့် ဦးလေးယန်အတွက် သိပ်အကူအညီမရတာဖြစ်သည်။ပြီးလျှင်အရွက် တစ်ခါဆေးပြီး၊ ဘေစင်တစ်ခါဆေးတာမျိုးလုပ်နေခြင်းကြောင့် အလုပ်မတွင်တော့သည့်အခါ...
"မောင်ရင် တစ်ပတ်လုံးအလုပ်လုပ်ထားတာ နားနားနေနေ နေပါလား...ဦးလေးပဲဆက်လုပ်လိုက်မယ်..."
ရှောင်းကျန့်ကို အနုနည်းနဲ့နှင်နေသည့်ဦးလေးယန် ကြောင့် ရေခဲသေတ္တာထဲမှ ရေဘူးကိုထုတ်သောက်နေသည့် ဝမ်ရိပေါ်အသံတိတ်ကြိတ်ပြီးရယ်မိသည်။ဦးလေးယန်နှင့်လည်း ရှောင်းကျန့်မတွေ့အောင်မျက် လုံးချင်းစကားပြောနေမိ၏။
ဦးလေးယန်ဘာကြောင့်သူ့လေးလေးကို မီးဖိုချောင်ထဲကနှင်နေမှန်းသူသိသည်။ လေးလေးက ဇီဇာကြောင်ခြင်းမျိုးတော့မဟုတ်ပေမယ့် စေ့စပ်သည့်လူဖြစ်သည်ကြောင့် တချို့အရာတွေကိုစိတ်အလိုမကျဖြစ်တတ်သည့်အခါတစ်ဖက်လူကိုအနည်းငယ်တော့စိတ်အနှောင့်အယှက်ဖြစ်စေသည်။ဥပမာ- ပဲသီးလှီးရင်အရွယ်အစားညီညီနဲ့ တစောင်းမလှီးဘဲအတည့်လှီးမှ၊ ကြက်ဥခွဲရင်လည်း အခွံမပါအောင်လို့ တစ်ချက်တည်းနဲ့ခွဲမှ။
အဲ့တာတွေကြောင့် ဟင်းချက်တတ်လားဆိုရင်တော့။ ဟင့်အင်း...လေးလေးဟင်းချက်မကောင်း။အကယ်၍ လေးလေးသာဟင်းချက်ကောင်းကြည့်ပါလား။ဦးလေးယန်တောင်သူတို့မီးဖိုချောင်ထဲရောက်နေမှာမဟုတ်။ လေးလေးကိုယ်တိုင်ဝင်ချက်နေမှာ။အခုတော့သူ့ကိုယ်သူသိတယ်ထင်သည်။မီးဖိုချောင်ထဲကထွက်ပြီး အိမ်ရှေ့ဝရံတာမှာရှိတဲ့ အပင်လေးကိုသာရေထွက် လောင်းလို့နေ၏။
