1(ခုနစ်စဉ်ကြယ်လုနန်းတော်)

830 58 4
                                    

#Unicode

အပိုင်း (၁)
သွေးအလောင်း
<<<<<

လွန်ခဲ့သည့်နှစ်ပေါင်းငါးဆယ်က ချန်းရှတောင်ထွတ်တွင်ဖြစ်သည်။

သင်္ချိုင်းဖောက်သူခိုးလေးယောက်က မြေပုံတစ်ခုပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြပြီး လော့ယန်းတူရွင်း(1)များဖြင့် မြေပြင်ကိုတိတ်တဆိတ်တူးဆွနေကြသည်။

တူရွင်းထိပ်တွင်မူ မြေပြင်ပေါ်သို့ လတ်လတ်ဆတ်ဆတ်တူးထုတ်ခံထားရသော မြေဆွေးတို့ရှိနေသည်။ ထူးဆန်းစွာဖြင့် ထိုမြေဆွေးတို့ထံမှ အနီရောင်တောက်တောက်အရည်တို့ အဆက်မပြတ်စီးကျနေပြီး သွေးဖြင့်စိမ်ထားသကဲ့သို့ဖြစ်နေသည်။

"ဒါ ပြဿနာကြီးပဲ..."
လောင်ယန်ထို့က သူ၏ ဆေးတံထဲမှ ဆေးရွက်ကြီးများကို မြေပြင်ပေါ်ကျအောင် ခေါက်ရင်းပြောလာသည်။
"ဒီအောက်မှာ သွေးအလောင်းရှိနေတယ်.... ငါတို့သာ ဂရုမစိုက်မိရင် အောက်မှာအကုန်သေကုန်လိမ့်မယ်..."

"ကျုပ်တို့သွားမှာလား မသွားဘူးလား? သွားမယ် မသွားဘူးဆိုတဲ့ အဖြေတစ်ခုပဲပေးစမ်းပါ...ဘာမှ လေကြောရှည်နေစရာအကြောင်းမရှိဘူး.."
မျက်လုံးတစ်ဖက်လပ်နေသော လူငယ်တစ်ယောက်က ပြောလေသည်။
"ခင်ဗျားရဲ့ အိုမင်းနေတဲ့ခြေထောက်တွေက အရမ်းကိုအဆင်မပြေဖြစ်စေရင်လည်း အောက်မဆင်းနဲ့ပေါ့..ကျုပ်နဲ့ ကျုပ်ညီပဲသွားလိုက်မယ်.. ဘာကောင်လာလာ ပစ်ထည့်လိုက်ရုံပဲ...."

လောင်ယန်ထို့က ဒေါသထွက်ရမည့်အစား ရယ်ရုံသာရယ်လိုက်ပြီး သူ့ဘေးရှိ မုတ်ဆိတ်နှင့်တစ်ယောက်ကိုပြောလိုက်သည်။
"မင်းရဲ့သားက အတော်လေးစိတ်လိုက်မာန်ပါရှိပြီး မာနကြီးတာပဲ... သူ့ကို ပိုပြီးသင်ကြားပေးရမယ်... မဟုတ်ရင်တော့ တစ်ခုခုဖြစ်လာနိုင်တယ်နော်... ဒီလုပ်ငန်းမျိုးမှာ သေနတ်တစ်လက်ရှိနေရုံနဲ့ အကုန်အဆင်ပြေပြီလို့ပြောလို့ရတာမဟုတ်ဘူး..."

မုတ်ဆိတ်နှင့်လူကြီးမှာ လူငယ်ကိုစိုက်ကြည့်လိုက်သည်။
"ခွေးမသား မင်းလူကြီးကိုဘာလို့ ဒီလိုပြောနေရတာလဲ? ဒီလူအိုကြီး သင်္ချိုင်းတွေဖောက်နေတုန်းက မင်းက မင်းအမေဗိုက်ထဲမှာ ချီးစားနေတုန်းပဲရှိသေးတာကွ..."

Daomu Biji (Myanmar Translation)Where stories live. Discover now