24

139 16 2
                                    

#Unicode
အခန်း(၂၄)
အသက်ဝင်နေသောအလောင်း
<<<<<

ကြောက်လန့်သွားတာကြောင့် ငါတို့တွေ ချက်ချင်းနောက်ဆုတ်လိုက်ကြတယ်။ ဒီအခေါင်းနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ ခန့်မှန်းမိခဲ့ပေမဲ့ တကယ်လက်တွေ့လည်း ကြုံရရောတကယ်ထိတ်လန့်သွားကြရတာပေါ့။ ဒီလှုပ်ခါနေမှုကြီးက ခေါင်းတလားပိုင်ရှင်က အထဲမှာလှုပ်ခါနေတာဖြစ်ကြောင်း ညွှန်ပြနေတယ်လေ။ ပြီးတော့ ခေါင်းတလားထဲမှာရှိတဲ့ ဘယ်အရာဖြစ်ဖြစ် လှုပ်ခါနေတယ်ဆိုကတည်းကိုက ကောင်းတဲ့အရာမှမဟုတ်တာ။

တကွေ့ရဲ့မျက်နှာကြီးက ဖြူဖျော့လာပြီး အတုန်တုန်အယင်ယင်နဲ့ပြောလာတယ်။
"အထဲမှာရှိနေတဲ့အရာက အသက်ရှိနေတဲ့ပုံပဲ... သခင်သုံး ကျွန်တော်တို့ ဒီခေါင်းတလားကို ဖွင့်သင့်တယ်လို့မထင်ဘူးနော်..."

ဦးလေးသုံးက ခေါင်းတလားရဲ့ ဆက်ကြောင်းတွေက်ို သေသေချာချာကြည့်လိုက်ပြီး ခေါင်းခါရင်းပြောလိုက်တယ်။
"မဖြစ်နိုင်ဘူး... ဒီခေါင်းတလားက လေတောင်မဝင်နိုင်အောင် လုံးဝကိုအလုံပိတ်ထားတာ... အထဲမှာဘာအရာကြီးပဲ နေနေပါစေ နှစ်ပေါင်းသုံးထောင်တောင် ကြာပြီးပြီဆိုမှတော့ သေချာပေါက် မွန်းပြီးသေပြီပေါ့... ပြီးတော့ ဒါက ခေါင်းတလားအတွဲတစ်ခုပဲ... ဒီတော့ အထဲမှာ နောက်ထပ် ခေါင်းတလားအလွှာတွေအများကြီး ရှိနေလိမ့်ဦးမယ်... အလွှာတစ်ခုနှစ်ခုလောက် ခွာကြည့်ပြီး အထဲကအသံကို ပိုပြီးရှင်းရှင်းလင်းလင်းကြားနိုင်မလား ကြည့်ကြည့်ရအောင်..."

ငါလည်း ဒီခေါင်းတလားကြီးရဲ့ အလေးချိန်ကို စိတ်မှန်းနဲ့တွက်ကြည့်လိုက်တာပေါ့။ ငါမှတ်မိသလောက်တော့ ရှာတွေ့ဖူးသမျှထဲမှာ အလေးဆုံးကြေးခေါင်းတလားကြီးကို လဲ့ကူသွမ့်မှာရှာတွေ့ခဲ့တဲ့  ကျန်းနိုင်ငံရဲ့ အမတ်ကြီးယီ(1)ရဲ့ သင်္ချိုင်းဂူထဲမှာ ရှာတွေ့ခဲ့ပြီး အလေးချိန်က ကိုးတန်လောက်ရှိတယ်တဲ့။ ဒီတစ်ခုကလည အရွယ်အစားတူတူလောက်ပဲဆိုပေမဲ့ ကျန်းနိုင်ငံရဲ့ အမတ်ကြီးယီရဲ့ အပြင်ခေါင်းတလားက သစ်သားအခေါင်းကြီးကိုမှ ကြေးဝါဘောင်တွေကွပ်ထားတာပဲ။ ဒါကြီးက ကိုးတန်ထက်ပိုလေးလောက်တယ်ဆိုပေမဲ့ အတိအကျကိုတော့ ငါလည်း မခန့်မှန်းနိုင်ဘူးလေ။

Daomu Biji (Myanmar Translation)Where stories live. Discover now