11

145 21 0
                                    

#Unicode
အခန်း(၁၁)
ခုနစ်စဉ်ကြယ်အခန်း
<<<<<

ငါ အရိပ်နားသွားပြီး သေချာကြည့်လိုက်မိတော့ အရိပ်က ခေါင်းငုံ့လိုက်တဲ့အချိန်နဲ့ ကွက်တိသွားကျနေတယ်။ အရိပ်က ခေါင်းလည်းထပ်မော့လိုက်ရော ခေါင်းက အရမ်းကိုကြီးနေပြီး လုံးပတ်က ပခုံးတစ်ခုလုံးထက်တောင် ပိုပြီးကြီးနေကြောင်း တွေ့လိုက်ရတယ်။ ဒီလိုအကြောက်တရားမျိုးကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရဘူး။ ငါ့ရဲ့ဦးရေတစ်ခုလုံး ယားယံလာပြီး အားပါးတရအော်ဟစ်မိတော့တယ်။
"သရဲ!!"

ချက်ချင်းဆိုသလို လူတိုင်းက ငါ့ကို လှည့်ကြည့်လာကြတယ်။ အရိပ်ကို လက်ညှိုးထိုးပြီး ပါးစပ်ကလည်း အော်ဟစ်နေရင်းနဲ့ အနောက်ကိုလှည့်ကြည့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ အရိပ်ရဲ့ပိုင်ရှင်ကို မြင်လိုက်ရတာပေါ့။ အဲ့ဒါကြီးက လက်ထဲမှာ လက်နက်တစ်ခုကိုကိုင်ထားတဲ့ ခေါင်းကြီးနေတဲ့ မကောင်းဆိုးရွားကြီး! မှိန်ဖျော့ဖျော့ အမှောင်ထုအောက်မှာ ခေါင်းကြီးနေတဲ့ အဲ့ဒီ့်မကောင်းဆိုးရွားကြီးက ကိုယ်စိတ်ကူးယဉ်ကြည့်ဖူးတဲ မကောင်းဆိုးရွားတွေထက်တောင် ပိုကြောက်ဖို့ကောင်းနေခဲ့တယ်။ အဲ့ဒီ့နောက်မှာတော့ မျက်နှာသေက မိုင်းတွင်းသုံးမီးအိမ်လေးကို အမြင့်ကိုမြှောက်လိုက်ပြီး မကောင်းဆိုးရွားကြီးရဲ့ မျက်နှာအစစ်ကို မြင်ရအောင်လုပ်ပေးလိုက်တယ်။ အဲ့ဒါကြီးက ခေါင်းပေါ်မှာ မြေအိုးကြီးစွပ်ထားတဲ့ လူတစ်ယောက်နဲ့တူနေတယ်။ ဒီဖေ___

ငါ့ရဲ့ အကြောက်လွန်နေမှုကြီးက ချက်ချင်းဆိုသလို ဒေါသထွက်လွန်နေမှုအဖြစ် ပြောင်းလဲသွားတော့တယ်။ တကယ်တမ်းတော့ မကောင်းဆိုးရွားကြီးဆိုတာက ခေါင်းမှာ မြေအိုးကြီးစွပ်ထားတဲ့ လူတစ်ယောက် ဖြစ်နေတယ်တဲ့လေ! သူ့လက်ထဲမှာ ဓာတ်မီးကိုကိုင်ထားပြီး အီဂျစ်ရုပ်ထုတစ်ခုလို(1) ပို့စ်ပေးနေတယ်။ မြေအိုးကြီးမှာ အပေါက်နှစ်ပေါက်ရှိနေပြီး အဲ့ဒီ့အပေါက်ထဲကနေ ငါတို့ကို ခိုးကြောင်ခိုးဝှက်လှမ်းကြည့်နေတယ်။

အခြေအနေက ခဏလောက် ကိုးယိုးကားယားဖြစ်သွားခဲ့တယ်။ ဒီလူက ရန်သူလားမိတ်ဆွေလားဆိုတာ မသေချာသေးတဲ့အပြင် တစ်ချိန်တည်းမှာပဲ သူ့ရဲ့ပုံစံကို အရမ်းလန့်သွားမိတာကြောင့် ငါတို့ဦးနှောက်က ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို မသိတော့ဘူး။ နောက်ဆုံးမှာတော့ ဖန်ကျစ်က အော်ဆဲလိုက်ပြီး သေနတ်နဲ့ချိန်လိုက်တော့တယ်။
"သောက်ချီးပဲ! မင်းကိုသေအောင်ကို ပစ်သတ်ပစ်မယ်ကွ !"

Daomu Biji (Myanmar Translation)Where stories live. Discover now