29

125 11 0
                                    

#Unicode
အခန်း(၂၉)
ခရမ်းရွှေရောင်သေတ္တာ
<<<<<

အိပ်ချင်မူးတူးဖြစ်နေပေမဲ့ အပြင်မှာဘာတွေဖြစ်နေတာလဲဆိုပြီး ဦးလေးသုံးကိုမေးဖို့ပြင်လိုက်တဲ့အချိန်မှာ သူကလည်း ငါ့လိုပဲ ဘေးနားကခုံတန်းတစ်ခုမှာ အားပါးတရအိပ်နေတာကိုမြင်လိုက်ရတယ်။ ဆေးခန်းအပြင်ကို ပြေးထွက်လိုက်တော့ ရွာသူရွာသားတွေက သူတို့ရဲ့ လှည်းတွေ လားတွေကိုဆွဲရင်း ရွာအနောက်ဘက်က တောင်ကုန်းပေါ် အပြေးအလွှားသွားနေကြတာကို မြင်လိုက်ရတယ်။

"မကောင်းတော့ဘူး မကောင်းတော့ဘူး!!"
ကောငိလေးတစ်ယောက်က အော်ဟစ်ရင်းပြေးသွားတယ်။
"တောင်ပေါ်မှာ မီးလောင်နေပြီ!"

အတော်လေးထိတ်လန့်သွားပြီးတော့ ငါတို့ရှို့ခဲ့တဲ့မီးက တောမီးလောင်သွားစေတာများလားလို့ တွေးမိလိုက်တယ်။ ဒါပေမဲ့ အခုတွေးကြည့်လိုက်တော့ ငါတို့တွေ ဂူထဲကိုမီးရှို့တုန်းက ဘယ်လိုကြိုတင်ကာကွယ်မှုကိုမှ မပြင်ဆင်ထားခဲ့ဘူးလေ။ မီးတောက်တွေ ပျံ့သွားပြီး တော တောအုပ်ကိုမီးလောင်သွားစေတယ်ဆိုရင်တော့ သေချာပေါက် ငါတို့ကို အပြစ်တင်ရမှာပဲ။

ငါလည်း နည်းနည်းတော့ အထိတ်တလန့်ဖြစ်လာရတယ်။ ဒီတောမီးသာ ပိုကြီးလာရင် လူတစ်ယောက်နှစ်ယောက်လောက်တောင် သေဆုံးသွားနိုင်ချေရှိတယ်။ ငါတို့လို့မြို့မှာနေတဲ့လူတွေမှာ တောမီးကိုကြိုတင်ကာကွယ်ဖို့အတွက် ဗဟုသုတကတစ်စက်လေးတောင်မရှိဘူးလေ။ ဒီတော့ အတော်လေးအခြေအနေဆိုးသွားရတာပေါ့။

ငါလည်း ဆေးခန်းထဲကိုပြန်ပြေးဝင်လိုက်ပြီးတော့ ဦးလေးသုံးကို မြန်မြန်နှိုးလိုက်တယ်။ ပြီးတာနဲ့ ငါတို့နှစ်ယောက်သား ဆေးခန်းကုတင်အောက်က ဆီးအိုး နှစ်အိုးကိုဆွဲထုတ်လိုက်တယ်။ တခြားဘာမှမတွေ့လို့ ရှိတာဆွဲထုတ်ရင်း တောင်ပေါ်ကိုပြေးသွားလိုက်တာပဲ။ အဲ့ဒီ့အချိန်မှာ ဖက်တီးက မြည်းလှည်းကိုမောင်းရင်း ထွက်လာတယ်။ သူ့လက်ထဲမှာ လက်ဆေးဇလုံကြီးကို ကိုင်ထားရင်း ငါတို့ကိုလှမ်းအော်တယ်။
"ပြဿနာအကြီးကြီးဖြစ်နေပြီ! လာကြ လှည်းပေါ်မြန်မြန်တက်ကြ! အတူတူ မီးသွားငြှိမ်းကြမယ်!"

Daomu Biji (Myanmar Translation)Where stories live. Discover now