3

240 22 6
                                    

#Unicode
အခန်း(၃)
ကွားကျစ်ဘုရားကျောင်း
[ကွားကျစ် ဆိုတာ ကွာစေ့(ဖရဲသီးစေ့)လို့အဓိပ္ပါယ်ရပါတယ်နော်]
<<<<<

ငါ စာလုံးတွေပြည့်နေတဲ့ပိုးသားစာအုပ်ရဲ့ ပုံတွေကိုကြည့်လိုက်ပြီး ဦးလေးသုံးရဲ့မျက်နှာပေါ်က အမူအရာကိုကြည့်လိုက်တယ်။ နောက်နေတဲ့ပုံတော့မပေါ်ဘူး။ ဦးလေးသုံးတစ်ယောက် စာလုံးတွေရဲ့ပုံကိုကြည့်ရုံနဲ့ ပုံရိပ်တွေပါမြင်နိုင်တဲ့ သာမန်လူတွေလိုက်မမီတဲ့ ရုပ်နယ်လွန်အဆင့်ကိုရောက်နေတာများ ဖြစ်နိုင်မလားပဲ။ ဒါပေမဲ့ သူ့ကိုဘယ်လိုပဲကြည့်ကြည့် သောက်စား မူးယစ် လောင်းကစားလုပ်ပြီး လိင်မှုအပျော်ကြူးနေတဲ့ မရိုးမဖြောင့်တဲ့လူအိုကြီးတစ်ယောက်လို့ပဲ မြင်နေရတယ်။

ဦးလေးသုံးက စိတ်လှုပ်ရှားလွန်းလို့တုန်ယင်နေပြီး သူ့ဘာသာသူရေရွတ်နေတယ်။
"ဒီလူတွေ ဒီလောက်အံ့အားသင့်စရာအရာကို ဘယ်နားကနေ ရလာပါလိမ့်? ငါ ဒီလိုအရာမျိုးက ဘာလို့တစ်ခါမှ မမြင်ဖူးလဲမသိဘူး? ဒီတစ်ကြိမ်တော့ ငါတကယ်ကံကောင်းတာပဲ... ကြည့်ရတာ အဲ့လူတွေက ဒါကိုဘာလဲဆိုတာ မသိကြသေးပုံပဲ... သူတို့တွေစမတူးခင် ငါတို့အရင်လက်ဦးထားလို့ရတယ်..."

ငါတကယ်ကြီးကို နားမလည်နိုင်တော့ဘူး။
"ဦးလေးသုံး... ကျွန်တော်ပဲနည်းနည်းတုံးလို့လားမသိဘူး... ဒါပေမဲ့ ဒီလိုစာလုံးသေးသေးလေးတွေကြားထဲက မြေပုံကို ဦးလေးကတကယ်မြင်နိုင်တာလား?"

"မင်းဘာသိလို့လဲကွ? ဒါကို ဇာတ်ညွှန်းမြေပုံရေးနည်းလို့ခေါ်တယ်... နောက်တစ်နည်းပြောရရင် အဲ့နေရာရဲ့ အသေးစိတ် ပထဝီဝင်တည်နေရာတွေကို ဒီစာလုံးတွေထဲမှာရေးထားတာ... လူအများစုက ဒါမျိုးကိုနားမလည်ကြပေမဲ့ ကံကောင်းစွာနဲ့ မင်းဦးလေးသုံးက ဒါမျိုးကိုကြုံဖူးတယ်ကွ... ဒီကမ္ဘာပေါ်မှာ ငါအပါအဝင်လူဆယ်ယောက်လောက်ကလွဲပြီး ဒါကိုနားလည်နိုင်မယ့်လူမရှိဘူးလို့ ပြောရဲတယ်..."

ငါ့ရဲ့ဦးလေးသုံးမှာ ကျွမ်းကျင်မှုတွေအများကြီးမရှိပေမဲ့ သူငယ်ငယ်လေးကတည်းက ထူးဆန်းပြီး ပုံဖော်မရတဲ့ ရှေးဟောင်းစာတွေနဲ့ ဝှက်စာတွေအများကြီးကို လေ့လာခဲ့တာ။ ရှင်းရှင်းပြောရရင် သူက တွေ့နေကြပုံစံမဟုတ်တဲ့ဟာတွေကလွဲရင် ကျန်တာတွေကို မလေ့လာခဲ့ဘူး။ ဥပမာပြောရမယ်ဆိုရင် ရှီးရှရဲ့ သစ်သားအရုပ်စာငါးခုနဲ့ မူလ ကျွော်ရှန်း ယ စာလုံးတွေ(1)ပဲပြောပါတော့။ ဦးလေးသုံးက အဲ့ဒါတွေကို နားလည်နိုင် ပြောနိုင်သလို အသေးစိတ်ကျကျကိုရှင်းပြနိုင်တော့ ဒါကိုသူသိတယ်ဆိုတာ အံ့ဩစရာတော့မဟုတ်ဘူးပေါ့လေ။

Daomu Biji (Myanmar Translation)Where stories live. Discover now