17

127 19 3
                                    

#Unicode
အခန်း(၁၇)
တွင်းပေါက်
<<<<<

အဲ့ဒီ့လက်လေးက ဖန်ကျစ်ပြောပြတဲ့ပုံနဲ့ တစ်ပုံစံတည်းပဲ။ အတိုအရှည်ညီတဲ့ လက်လျောင်းငါးချောင်းရှိနေပြီး လက်ကောက်ဝတ်ကလည်း အရမ်းကိုသေးသွယ်နေတယ်။ ကြည့်ရတာ အရမ်းကိုကြောက်စရာကောင်းနေတာပေါ့။

ဖက်တီးက ငါ့ကို မလှုပ်ရှားဖို့ အမူအရာပြနေပေမဲ့ တကယ်တမ်းတော့ ငါလည်း မကြောက်ပါဘူးလေ။ အဆုံးမှာတော့ လူတစ်ယောက်က အရေးပေါ်အခြေအနေတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံလိုက်ရရင် ထိတ်လန့်ကြောက်ရွံ့ရမယ့်အစား စိတ်ငြိမ်သွားတာပဲမဟုတ်လား။ အမှန်အတိုင်းပြောရရင် ဒီတစ်ခေါက်မှာ ငါ့ကိုစနေတယ်လို့ပဲခံစားနေရတာ။ ရုတ်တရက်ကြီး အရမ်းတွေအမြင်ကပ်လာသလို ခံစားမိလိုက်ရတာကြောင့် အဲ့လက်ကို ဆွဲပြီး အားရပါးရကိုက်ပစ်လိုက်ချင်သွားတယ်။ ဒါပေမဲ့ ငါ့ရဲ့ အသိစိတ်ကပြောပြနေတာကတော့ မလှုပ်နဲ့ ငြိမ်ငြိမ်နေလို့ ပြောနေတယ်။

ဖက်တီးက လက်ကို ငါ့ပခုံးပေါ်ကနေ ဖယ်သွားအောင်လို့ ဖန်ကျစ်ရဲ့သေနတ်ကိုသုံးပြီး ထိုးချလိုက်ဖို့ပြင်လိုက်ပေမဲ့ သေနတ်ကနီးလာတာနဲ့အမျှ လက်ကမြွေတစ်ကောင်လို လှုပ်သွားပြီး သေနတ်ကိုဆွဲပြီးအနောက်ကိုဆွဲချသွားတယ်။ ဖက်တီးက သေနတ်ကို မလွှတ်ပေးလိုက်တာကြောင့် အဲ့ဒီ့လက်နဲ့ လွန်ဆွဲနေသလိုဖြစ်နေပြီး သူ့ခြေထောက်က မြေပြင်ပေါ်မှာကပ်နေပေမဲ့ သူ့တင်ပါးကြီးက လှုပ်ရမ်းနေလေတယ်။

သူ့ကိုသွားကူဖို့ မြန်မြန်လှုပ်ရှားလိုက်ရတော့တာပေါ့။ ဖက်တီးက အစကတည်းက သန်မာပြီးသားဆိုပေမဲ့ ငါလည်းသွားကူညီထားတာတောင် အဲ့ဒီ့လက်ကလေးနဲ့ လွန်ဆွဲပွဲကျင်းပနေရတာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်နေရုံပဲရှိတယ်။ ဖန်ကျစ်က ငါတို့တွေ တောင့်မခံနိုင်တော့တာကိုလည်းမြင်လိုက်ရရော ဆက်မကြည့်နေနိုင်တော့တာနဲ့ လက်နောက်ပစ်လိုက်ပြီး သူ့ဓားကိုဆွဲထုတ်ပြီး ဖက်တီးဆီ ပစ်ပေးလိုက်တယ်။ ဖက်တီးလည်း ဆဲလိုက်ပေမဲ့ ဓားကို မြန်မြန်ဖမ်းလိုက်ပြီး တစ်ချက်တည်းနဲ့ လက်ကိုပြတ်သွားအောင် ခုတ်ချင်တဲ့ပုံနဲ့ အားအပြည့်ထည့်ပြီး ခုတ်ချလိုက်တယ်။ လက်က သေနတ်ကို ချက်ချင်းကို လွှတ်ပေးလိုက်ပြီး အမှောင်ထုထဲကို ပြေးဝင်သွားတော့တယ်။ လက်ရဲ့လှုပ်ရှားမှုတွေက မြွေတစ်ကောင်နဲ့တောင် သွားတူနေသေးတယ်လေ။ လက်ရဲ့ ကြမ်းတမ်းတဲ့ ဆုတ်ခွာသွားမှုကြောင့် သေနတ်ရဲ့တစ်ဖက်မှာ ဆွဲထားတဲ့အင်အားက လုံးဝမရှိတော့တာနဲ့ အားကုန်ဆွဲနေတဲ့ ငါရော ဖက်တီးပါ မြေပြင်ပေါ်ကို ကျောပြင်နဲ့လဲကျသွားပြီး ခြေထောက်တွေက မိုးပေါ်ထောင်နေတော့တယ်။

Daomu Biji (Myanmar Translation)Where stories live. Discover now