23

173 19 0
                                    

#Unicode
အခန်း(၂၃)
အတွင်းနှင့် အပြင်ခေါင်းတလားများ
<<<<<

ငါ့မျက်လုံးတွေ ချက်ချင်းကိုစူးအောင့်သွားပြီး အကြည့်မလွှဲနိုင်ဘူးဖြစ်သွားတယ်။ ဒါပေမဲ့ အကြည့်မလွှဲပစ်သလို ငေးမောတွေဝေနေမိတာတောင်မှ ထင်ယောင်ထင်မှားမဖြစ်လာခဲ့ဘူးလေ။ ကြည့်တာတော့ ခါးပတ်ကနေ ကြေးအစကိုမျိုချမိလို့ထင်ပါရဲ့။

အဲ့ဒီ့အချိန်မှာ ဦးလေးသုံးနဲ့ တခြားလူတွေပြေးလာတဲ့အသံကိုကြားတာကြောင့် မကောင်းတော့ဘူးလို့ တွေးလိုက်မိတော့တယ်။ သူတို့က ဒီမြေခွေးအလောင်းရဲ့ မှော်အတတ်ပညာကိုမကြုံဖူးသေးတာကြောင့် ဘယ်လောက်တောင် အားပြင်းလဲဆိုတာ သိကြမှာမဟုတ်ဘူး။ သတိမမူဂူမြင်ပဲ ပြေးလာရင် သေချာပေါက်ကို တစ်ခုခုဖြစ်လာမှာပဲ။ သူတို့ကို အော်ဟစ်ပြီး သတိပေးလိုက်ချင်ပေမဲ့ ငါ့လည်ပင်းမှာတစ်ခုခုဆို့နေသလိုနဲ့ အသံတစ်သံမှထွက်မလာခဲ့ဘူး။ ပါးစပ်ကိုဖွင့်ပြီး အော်ပြောဖို့ကြိုးစားကြည့်ပေမဲ့ ဘာစကားမှကို ထွက်မလာခဲ့ဘူး။ ငါလည်း အရမ်းကိုစိုးရိမ်ပူပန်မိပြီး သွေးကြောတွေပါပေါက်ထွက်တော့မလို ခံစားလိုက်ရတယ်။

အဲ့နောက်မှာတော့ ငါ့ခေါင်းထဲမှာအတွေးတစ်ချက်ပြေးသွားပြီး ငါ့လက်တွေက နည်းနည်းတော့လှုပ်လို့ရသေးကြောင်း သတိပြုလိုက်မိတယ်။ ချက်ချင်းလက်ငင်းဆိုသလို လက်နှစ်ဖက်လုံးနဲ့ သေနတ်ပုံစံလက်ဟန်အမူအရာပြလိုက်ပြီး မြေခွေးအလောင်းရဲ့ခေါင်းကို ချိန်ပြလိုက်တယ်။ ငါ့စိတ်ထဲမှာတော့ အော်ဟစ်နေမိတာပေါ့။ ဖန့်ကျစ်ရေ ခင်ဗျားကြီး ဒီတစ်ခေါက်တော့ ဉာဏ်လေးထက်လိုက်စမ်းပါ! ဒီလက်ဟန်ကိုတောင်နားမလည်ရင် ချီးစားပြီးသာ သွားသေလိုက်တော့!!

ငါ လက်ဟန်အမူအရာလုပ်ပြပြီး ခဏနေတော့ ငါ့အနောက်ဘက်ကနေ သေနတ်ပစ်သံတစ်ချက်ထွက်လာပြီး မျက်လုံးစိမ်းမြေခွေးအလောင်းရဲ့ ခေါင်းက ငါ့မျက်စိရှေ့တင်ပေါက်ကွဲသွားခဲ့တယ်။ ဒါပေမဲ့ ငါ့ပါးစပ်က ဟလျက်သားကြီးရှိနေတာကြောင့် ငါ့မျက်နှာတည့်တည့်ကိုလာစင်တဲ့ အလောင်းရည်တွေက ပါးစပ်ထဲပါ ဝင်ကုန်တာပဲ။ ငါချက်ချင်းဆိုသလို အန်ချမိတော့တာပဲ။ ဒါကြီးက ချီးထက်တောင်အရသာဆိုးတယ်ဟ!! ငါ့အူတွေအသည်းတွေအကုန်လုံးပါ အန်ထွက်ခါနီးအထိ အန်လိုက်ပြီးမှ ပြန်လှည့်ကြည့်လိုက်တော့ မလှမ်းမကမ်းမှာ ဖန်ကျစ်ကိုမြင်လိုက်ရတယ်။ သူက သူ့ဒဏ်ရာသူလက်တစ်ဖက်နဲ့ အုပ်ထားပြီး နောက်လက်တစ်ဖက်နဲ့ OKဆိုတဲ့ လက်ဟန်လုပ်ပြနေတယ်။ သူ့ကို တိတ်တိတ်လေးကျိန်ဆဲလိုက်ပြီးမှ ငါ့မျက်နှာပေါ်က အလောင်းရည်တွေကို အင်္ကျီလက်နဲ့သုတ်ချပစ်လိုက်တယ်။

Daomu Biji (Myanmar Translation)Where stories live. Discover now