30(ဒေါသပင်လယ်မှ ပုန်းကွယ်နေသောသဲများ)

167 15 0
                                    

#Unicode
အခန်း(၃၀)
မြွေမျက်ခုံးကြေးနီငါး
<<<<<

သေတ္တာအဖုံးပွင့်သွားတာနဲ့ အထဲနေရာလွတ်က ငါ့လက်သန်းလောက်တောင် မကြီးဘူးဆိုတာ မြင်လိုက်ရတယ်။ အထဲမှာ ကြေးနီနဲ့လုပ်ထားတဲ့ ငါးလေးတစ်ကောင်ရှိနေပြီး ငါလည်း အပြင်ကိုထုတ်ရင်း လေ့လာကြည့်မိလိုက်တယ်။ ကြည့်ရတာ အရမ်းကိုပုံမှန်ဆန်နေပေမဲ့ လက်ရာက အရမ်းကို အသေးစိတ်လှတယ်။ အထူးသဖြင့် ငါးရဲ့မျက်ခုံးတွေကို မြွေတွေနဲ့ တူအောင် လုပ်ထားတဲ့နေရာမှာပဲ။ ဒါက ဘာတွေများအရမ်းကိုအဖိုးတန်နေလို့ ဒီထဲမှာထည့်ပြီး သိမ်းထားရတာလဲလို့ အံ့အားတသင့် တွေးမိလိုက်တယ်။

အဲ့ဒီ့အချိန်မှာ ဦးလေးသုံးက ဂတ်စ်အားသုံး ဖြတ်စက်ကိုယူပြီး အခန်းထဲကိုဝင်လာတယ်။ ဒါပေမဲ့ သေတ္တာကပွင့်နေတာကို မြင်ပြီး အံ့ဩသွားခဲ့တာပေါ့။
"မင်း ဘယ်လိုလုပ်ဖွင့်လိုက်တာလဲ?"
သူမေးတယ်။

ငါက သူ့ကို ငါတွေ့ခဲ့တဲ့ နံပတ်တွေအကြောင်းပြေပြလိုက်တော့ မျက်မှောင်ကြုတ်ပြီးပြောလာတယ်။
"ကိစ္စတွေက ပိုပိုပြီးရှုပ်ထွေးလာပြီ... ကြည့်ရတာ ဒီအမေရိကန်သင်္ချိုင်းဖောက်သူခိုး အုပ်စုကလည်း မရိုးရှင်းတဲ့ပုံပဲ..."
သူက ကြေးနီငါးရုပ်လေးကို ကောက်ကြည့်လိုက်ပေမဲ့ သူ့အမူအရာက ချက်ချင်းပြောင်းသွားခဲ့တယ်။
"ဒါက မြွေမျက်ခုံး ကြေးနီငါးမဟုတ်ဘူးလား?"

ဒါနဲ့ပတ်သတ်ပြီး သူတစ်ခုခုသိနေတယ်ဆို ငါသိလိုက်တာကြောင့် ဒါက ဘာလဲဆိုပြီး သူ့ကိုမေးလိုက်တယ်။ သူက သူ့ရင်ဘတ်အိတ်ကပ်ထဲက တစ်ခုခုကိုထုတ်ပြီး ငါ့ကိုပေးလိုက်တယ်။ ကြည့်လိုက်မိတော့ သူပေးတဲ့ဟာကလည်း ဒီလိုလက်ရာမြောက် ကြေးနီငါးဖြစ်နေတာကို မြင်လိုက်ရတယ်လေ။ ငါးရုပ်က ငါ့လက်သန်းလောက်ပဲရှိပြီး ပင်လယ်မြွေနှစ်ကောင်နဲ့တူတဲ့ မျက်ခုံးတွေရှိနေတယ်။ လက်ရာက အရမ်းကိုကောင်းမွန်လှပြီး ကြေးခွံတစ်ခုဆီကို သေချာပုံဖော်ထားတယ်။ ဒီငါးရုပ်နဲ့ သေတ္တာထဲက ငါးရုပ်က တစ်နေရာတည်းကနေလာခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ ဦးလေးသုံးရဲ့ငါးရုပ်ရဲ့ကြေးခွံတွေမှာက ထုံးပုံစံ ဖုန်တွေလိုအဖြူရောင် လိုင်းတွေရှိနေတယ်။ ကြည့်လိုက်တာနဲ့ ဘာတွေလဲဆိုတာ သိသွားတာကြောင့် ချက်ချင်းမေးလိုက်မိတယ်။
"ဒါက ပင်လယ်ရတနာလား?"

Daomu Biji (Myanmar Translation)Where stories live. Discover now