13

149 26 2
                                    

#Unicode
အခန်း(၁၃)
၀၂၂၀၀၀၅၉
<<<<<

ငါလည်း အော်လိုက်မိပြီး လက်ကို သူ့အလိုလိုပြန်ဆုတ်လိုက်မိတယ်။ အမှောင်ထုထဲမှာ ဘာမှန်းမသိတဲ့အရာတစ်ခုကို ထိလိုက်မိတာက ကြောက်စရာအကောင်းဆုံး ခံစားချက်ကြီးပဲလေ။ ဒါပေမဲ့ ငါ အဲ့ဒီ့လက်ကိုထိလိုက်မိတဲ့အချိန်မှာ လက်က အေးစက်နေပြီး အသက်ရှင်နေတယ်ဆိုတဲ့ အရိပ်အယောင်လေးတောင်မရှိတော့ဘဲ ဖောင်းပွနေပြီဖြစ်တာကို သိလိုက်ရတာကြောင့် လက်ပိုင်ရှင်က သေနေပြီးသားဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတယ်။

ရုတ်တရက် ငါ့ကိုယ်ပေါ်မှာ မီးညှိတုတ်အချို့ကိုသယ်ထားတယ်ဆိုတာကို သတိရလိုက်မိတာကြောင့် တစ်ခုထုတ်ယူလိုက်ပြီး မီးညှိလိုက်တယ်။ မီးတောက်ရဲ့အလင်းရောင်အောက်မှာ ဗိုက်မှာ ဒဏ်ရာအကြီးကြီးပွင့်နေတဲ့ အလောင်းတစ်ခုကို မြင်လိုက်ရတယ်။ ဒဏ်ရာရဲ့ပတ်ပတ်လည်မှာ အလောင်းစားပိုးကောင်တွေ အများကြီးတွဲလွဲခိုနေကြပြီး တစ်ကောင်ချင်းဆီက ငါ့ရဲ့လက်ဖဝါးအရွယ်လောက်ရှိနေပြီး စိမ်းပြာရောင်သန်းနေလေတယ်။ အလောင်းစားပိုးကောင် အသေးလေးတွေကလည်း အလောင်းရဲ့ပါးစပ်နဲ့ ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ မျက်လုံးတွေထဲကနေ ခဏခဏ ပြေးထွက်လာတာကိုမြင်နေရသေးတယ်။

ငါဖြင့် အော်ဂလီဆန်သွားတော့တာပဲ။ ဒီလူ သေတာ တစ်ပတ်ကျော်ကျော်လောက် ကြာနေတဲ့ပုံပေါက်နေပြီး ငါတို့ရှေ့ကဝင်သွားတဲ့ သင်္ချိုင်းဖောက်သူခိုးအုပ်စုက လူဖြစ်လောက်တယ်။ သူလည်း ငါ့လိုပဲ ဟိုထောင်ချောက်ကိုရှာတွေ့ပြီး ဒီနေရာမှာပဲသေသွားတာများဖြစ်နိုင်မလား? ငါလည်း အဲ့လိုတွေးမိလိုက်ရော မကြာခင်ငြိမ်းသွားတော့မယ့် မီးတောက်လေးကိုသုံးပြီး မီးအိမ်ရဲ့ ဘက်ထရီကို ချက်ချင်းလိုက်ရှာမိတော့တယ်။ ဘက်ထရီကိုလည်းရှာတွေ့ရော မိုင်းတွင်းသုံးမီးအိမ်ထဲထည့်လိုက်ပြီး ဖွင့်ကြည့်လိုက်တော့ မီးအိမ်ကတကယ်ပွင့်လာတာကြောင့် စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်မိတယ်။ ငါ့ကို ဒီမီးအိမ်ရောင်းလိုက်တဲ့လူက မီးအိမ်က သုံးမီတာအမြင့်က ပြုတ်ကျတာတောင် ခံနိုင်ရည်ရှိတယ်လို့ ပြောခဲ့တာလေ။ ကြည့်ရတာတော့ သူငါ့ကိုလိမ်တာမဟုတ်ဘူးပဲ!

Daomu Biji (Myanmar Translation)Where stories live. Discover now