16

166 20 3
                                    

#Unicode
အခန်း(၁၆)
လက်လေးတစ်ဖက်
<<<<<

ရှေးဟောင်းပစ္စည်းတွေနဲ့ ပုံတူမင်ကူး လုပ်ငန်းထဲမှာ နှစ်အတော်ကြာ လည်ပတ်ခဲ့ရတာဆိုတော့ လူတွေရဲ့အမူအရာကို ဖတ်တဲ့နေရာမှာ အတော်လေးကို အတွေ့အကြုံ စုဆောင်းမိခဲ့တယ်။ အဆုံးမှာတော့ ဒီလုပ်ငန်းမှာ အလိုအပ်ဆုံးအရာက မျက်လုံးကောင်းကောင်းတစ်စုံ ရှိဖို့ပဲလေ။ အောင်မြင်ချင်တယ်ဆိုရင် လူကိုရော ပစ္စည်းတွေကိုပါ ဖတ်တတ်ဖို့လိုအပ်တယ်။ ဒီတော့ ငါ ဖက်တီးကိုကြည့်မိတာနဲ့ သူက ရိုးသားတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ သိတယ်လေ။ ငါသာ သူ့ဆီက သတင်းအချက်အလက်တွေလိုချင်ရင် ကောင်းကောင်းမွန်မွန်ပြောမဲ့အစား စော်ကားမော်ကားပြောသလိုလုပ်တာက ပိုကောင်းတယ်။
"မင်းပြောသလို တကယ် သိနေတတ်နေရင် ခေါင်းမပါတဲ့ ယင်ကောင်လို ဘာကြောင့်ပြေးလွှားနေရတာလဲ?"

သေချာတာပေါ့ ဖက်တီးလည်း ဒေါခီးသွားတယ်လေ။ သူ့ဓာတ်မီးကို ငါ့မျက်နှာတည့်တည့်ထိုးပြီးပြောလာတယ်။
"မင်းက ငါ့ကိုအခုထိမယုံသေးဘူးလား ကောင်စုတ်လေးရဲ့? ငါဒီကိုမလာခင် တစ်လကျော်ကြာအောင်ကို ကြိုတင်ပြင်ဆင်ခဲ့တာ... ဒီ လုနိုင်ငံရဲ့ ဘုရင်ဆိုတာ ဘာလုပ်လဲ မင်းသိလား? မြေအောက်ကမ္ဘာကနေ တစ္ဆေစစ်သည်တွေကို ငှားရမ်းတယ်ဆိုတာ ဘာကို ဆိုလိုတာလဲဆိုတာရော သိလား? တစ္ဆေချိပ်တံဆိပ်က ဘာအတွက်သုံးရတယ်ဆိုတာရောသိလား?"
ငါ ပြန်မပြောနိုင်တာလည်းမြင်ရော ရွဲ့ပြုံးပြုံးလိုက်တယ်။
"ငါပြောပြမယ်ကွ... ဒီ လုနိုင်ငံရဲ့ဘုရင်ရှန်းဆိုတာက ကောင်းကောင်းပြောရရင် စစ်သူကြီးတစ်ယောက်ပဲ... ရိုင်းရိုင်းပြောရမယ်ဆိုရင်တော့ ငါတို့လို သင်္ချိုင်းဖောက်သူခိုးပဲပေါ့ကွာ..."

ရုတ်တရက် ဦးလေးသုံးက အရင်တစ်ခေါက်တုန်းက သူပြောတာနဲ့တူတဲ့ ကိစ္စကိုပြောဖူးသလိုပဲဆိုတာ သတိရမိသွားပေမဲ့ သူတို့နှစ်ယောက်လုံး ဘာလို့ ဒီလိုကောက်ချက်ချလိုက်သလဲဆိုတာတော့ ငါလည်း သိပ်နားမလည်ဘူးရယ်။ ဖက်တီးက ဆက်ရှင်းပြလာတယ်။
"ဒါပေမဲ့ ဒီကလူက ငါတို့ထက်တော့ ပိုတော်တယ်... သူ့ရဲ့ သင်္ချိုင်းတွေဖောက်တဲ့နေရာမှာ ရခဲ့တဲ့အောင်မြင်မှုတွေအရ အပ်နှင်းခံခဲ့ရတဲ့ ဘွဲ့အမည်နဲ့တင် သက်သေပြပြီးသားပဲလေ... ဘုရင်ရှန်းရဲ့ စစ်သည်တွေက နေ့ဘက်မှာ အနားယူပြီး ညဘက်မှ စစ်ချီကြတယ်လို့ မှတ်တမ်းတင်ထားတဲ့ ပိုးသားစာအုပ်တွေ အများကြီးရှိတယ်... တစ်ခါတစ်လေ စစ်တပ်တစ်တပ်လုံးက ရုတ်တရက်ပျောက်ကွယ်သွားပြီး တခြားနေရာမှာ ပြန်ပေါ်လာတတ်တယ်... အဲ့ဒီ့အပြင်ကိုမှ သူတို့ရောက်ခဲ့ဖူးတဲ့ နေရာတွေက တစ်ခါတစ်လေကျရင် သင်္ချိုင်းဂူအဟောင်းတွေနဲ့ ပြည့်နှက်နေလေ့ရှိတယ်... အဲ့ဒီ့အကြောင်းမေးလိုက်ရင် တစ္ဆေစစ်သည်တော်တွေက စစ်ပွဲကို ကူတိုက်ဖို့ ထွက်လာကြတာလို့ပဲ သူတို့ကဖြေကြတယ်... ဒါပေမဲ့ ငါတို့လို ဆိုရှယ်လစ်ဝါဒရဲ့ ရုပ်ဝတ္ထုတော်လှန်ရေး လုပ်သားတွေက ဒီကမ္ဘာပေါ်မှာ တစ္ဆေစစ်သည်ဆိုတဲ့ အရာတွေရှိတယ်ဆိုတာကို ဘယ်လိုလုပ် ယုံကြည်ကြပါ့မလဲ? သူတို့သွားတဲ့နေရာတိုင်း သင်္ချိုင်းဂူတွေတူးရင်း သင်္ချိုင်းတွေဖောက်တာပဲ ဖြစ်နိုင်မယ်... တစ်ယောက်ယောက်ကသာ သင်္ချိုင်းရဲ့ မြေကြီးက ပုံပျက်နေတာမြင်ရင် ဘုရင်ရှန်းက အဲ့ဒီ့သင်္ချိုင်းဂူပိုင်ရှင်တွေရဲ့ ဝိဉာဉ်တွေကို ချေးငှားတာလို့ သူတို့က ပြောကြလိမ့်မယ်... ရလဒ်အနေနဲ့ကတော့ တစ္ဆေစစ်သည်ဆိုတဲ့ စကားလုံးက နေရာအနှံ့ကို ပျံ့နှံ့သွားတော့တာပဲ... ဒါပေမဲ့ အဲ့ဒီ့ခေတ်ကလူတွေက ဒီလိုအရာမျိုးဆို အရမ်းကို အယူသည်းကြတာကြောင့် ဇာတ်လမ်းက နောက်ပိုင်းတွေမှာ ပုံပြင်တစ်ပုဒ်လို ဖြစ်လာတော့တာပဲ..."

Daomu Biji (Myanmar Translation)Where stories live. Discover now