31

123 12 0
                                    

#Unicode
အခန်း(၃၁)
အလွှာနှစ်ထပ် သင်္ချိုင်းနံရံ
<<<<<

ချန်းဝမ်ကျင်းနဲ့ ဦးလေးသုံးတို့ရဲ့ မိသားစုနောက်ခံတွေက လုံးဝကိုကွာခြားလှတယ်။ ဦးလေးသုံးက အတော်လေးကြမ်းတမ်းတဲ့လူမျိုးဖြစ်ပြီး သင်္ချိုင်းဖောက်သူခိုး မိသားစုမှာသာမွေးဖွားလာခြင်းမရှိရင် သေချာပေါက်ကို ဓားပြတစ်ယောက်ဖြစ်လာမယ့်လူမျိုး။ သူက ဘာကိစ္စမှမလုပ်ခင် အရင်ဆုံး အကျိုးအမြတ်ကိုတွက်ချက်တာ။ လူတစ်ယောက်ရဲ့ တန်ဖိုးကိုလည်း သူ့အတွက် ဘယ်လိုအကျိုးအမြတ်ကို ယူဆောင်ပေးနိုင်လဲဆိုတဲ့ အပေါ်ကို အခြေခံပြီး ဆုံးဖြတ်တာလေ။ တစ်ဖက်က ချန်းဝမ်ကျင်းကတော့ သူနဲ့တခြားဆီပဲ။ သူမက နိုင်ငံခြားမှာပညာတော်သင်သွားခဲ့ပြီး အတော်လေးကို ပွင့်လင်းတဲ့အမြင်ရှိတယ်။ သင်္ချိုင်းဖောက်တယ်ဆိုတာ သူမအတွက်တော့ သူမရဲ့စာလေ့လာမှုအတွက် ရှေ့ဆက်နိုင်အောင်ပြုလုပ်ပေးတဲ့အရာဖြစ်ပြီး ဝါသနာတစ်မျိုးပဲ။ ဒါကြောင့်ပဲ ဦးလေးသုံးပြောပြတာကတော့ ရှေးဟောင်းသင်္ချိုင်းတွေတွေ့ရင် သူမရဲ့ ပထမဆုံးအတွေးက ရှေးဟောင်းသုတေသနပညာရှင်အမြင်နဲ့ တန်ဖိုးဖြတ်ပြီး သူမရဲ့ အတန်းဖော်တွေနဲ့ သီအိုရီတွေဆွေးနွေးတတ်တယ်တဲ့။

ပင်လယ်ကြမ်းပြင်အောက်မှာ မြှုပ်နှံထားတဲ့ သင်္ဘောပျက်သင်္ချိုင်းဆိုတာမျိုးက အရမ်းကိုရှားပါးလွန်းလှတယ်။ ဒဏ္ဍာရီတွေအရတော့ ရှန်းဝမ်စန်း(1)ရဲ့ သားတစ်ယောက်ပဲ အဲလိုမြှုပ်နှံဂူသွင်းမှုမျိုးကို သုံးခဲ့တာဆိုပဲ။ ဒါကြောင့် ချန်းဝမ်ကျင်းရဲ့ အကြံက အရမ်းကို တာဝန်သိတဲ့ပုံပေါက်နေတယ်။ ဦးလေးသုံးကတော့ သယ်ထုတ်နိုင်သမျှ ပစ္စည်းတိုင်းကို နိုင်ငံတော် ဘဏ္ဍာ အဖြစ် ထိန်းသိမ်းခံရမှာဆိုတော့ အတော်လေး မကျေမနပ်ဖြစ်တာပေါ့။ ဒါပေမဲ့ ချန်းဝမ်ကျင်းက သူ့ကို စိတ်ပါလာအောင် ပြောဖို့ အချိန်သိပ်မကြာလိုက်ပါဘူးလေ။ အပြုံးလေးတွေ အနမ်းလေးတွေနဲ့တင် သူမက ဦးလေးသုံးကို သစ်တောစိမ်းမှ စစ်မှန်သောသူရဲကောင်း(2)ကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လုပ်အားပေး ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက် အဖြစ် ပြောင်းလဲလိုက်နိုင်တယ်။

Daomu Biji (Myanmar Translation)Where stories live. Discover now