7

153 19 16
                                    

#Unicode
အခန်း(၇)
ရာချီနေသောဦးခေါင်းများ
<<<<<

ငါ သတိပြန်ရဖို့အချိန်အတော်ကြာသွားခဲ့ပြီး သတိမေ့နေတုန်းမှာလည်း ရှုပ်ယှက်ခတ်နေတဲ့ အိပ်မက်တွေတစ်ခုပြီးတစ်ခု ဆက်တိုက်မက်နေခဲ့တယ်။ မှိန်ဖျဖျအလင်းရောင်အောက်မှာ ငါ့ကိုနောက်ကျောပေးပြီးရပ်နေတဲ့ ဝတ်စုံဖြူနဲ့ အမျိုးသမီးကို မြင်ခဲ့ရတယ်။ သူမရဲ့မျက်နှာကို မြင်ချင်လို့ သူမရဲ့အရှေ့ကို ပြေးသွားလိုက်ပေမဲ့ ငါမြင်နေရတာက သူမရဲ့နောက်ကျောဘက်ပဲဖြစ်နေတယ်။ သူမအရှေ့ကိုပြေးသွားဖို့ ထပ်ကာထပ်ကာကြိုးစားနေပေမဲ့ ငါဘယ်နှကြိမ်ကြိုးစားကြိုးစား သူမနောက်ကျောကိုပဲ မြင်နိုင်နေတယ်။ ဘာတွေဖြစ်နေတာလဲလို့ တွေးမိလိုက်တဲ့အချိန်မှာပဲ သူမရဲ့ ခန္ဓာကိုယ်နှစ်ဖက်လုံးမှာ ကျောပြင်တွေပဲရှိနေတာကို သတိထားလိုက်မိတယ်။ ငါ အလန့်တကြားအော်ဟစ်ပြီး နိုးလာတဲ့အချိန်မှာတော့ နေဝင်ချိန်ဖြစ်နေပြီး ကောင်းကင်ကြီးက နီညိုရောင်သန်းနေတာကို မြင်လိုက်ရတယ်။

"နိုးပြီလား?"
ဖန်ကျစ်က ပြုံးပြရင်းနဲ့ ငါ့မျက်နှာနားကပ်လာတယ်။

အလင်းရောင်ကိုအသားကျဖို့ မျက်မှောင်ကြုတ်လိုက်တဲ့အချိန်မှာ ဖန်ကျစ်က ကောင်းကင်ကိုလက်ညှိုးထိုးပြလိုက်တယ်။
"မြင်လား? ငါတို့တွေသောက်ကျိုးနည်းအောင် အပြင်ကိုထွက်လာနိုင်ပြီကွ!"

ငါ့ခေါင်းအနောက်ကို ငါကိုင်လိုက်ပြီးပြောလိုက်တယ်။
"အကျင့်မကောင်းတဲ့ကောင်ကြီး... ခင်ဗျား ကျွန်တော့်ကိုရိုက်လိုက်တာမလား?!"

ရုတ်တရက် ဘာတွေဖြစ်ခဲ့လဲ သတိပြန်ရသွားပြီး ငါ့အနောက်မှာတစ်ခုခုရှိနေလား သိရအောင် အလန့်တကြားခေါင်းလှည့်ကြည့်မိလိုက်တယ်။ ဖန်ကျစ်ကရယ်ပါလေရော။
"စိတ်မပူပါနဲ့... ဘာမှမရှိတော့ဘူး..."

"အဲ့ဒါဘာကြီးလဲ?"
ငါဖြင့် ဒီအကြောက်တရားကြီးကို မေ့နိုင်မယ်မထင်တော့ဘူး။

"အစ်ကိုလေးပြောတာတော့ အဲ့ဒါက ရုပ်သေးရုပ်တစ်ရုပ်တဲ့... ဒါပေမဲ့ ရုပ်သေးရုပ်ထဲမှာ အဖြူရောင်ဖုတ်ကောင်အမျိုးသမီးရဲ့ ဝိဉာဉ်ရှိနေတာတဲ့လေ... သူက မင်းရဲ့ယန်စွမ်းအင်ကိုငှားယူပြီး အလောင်းဥမင်ထဲကထွက်ချင်တာဆိုပဲ... ဒါပေမဲ့ အစ်ကိုလေးက ငါတို့ကို တိတိကျကျမပြောပြနိုင်သေးခင်မှာပဲ စကားနည်းနည်းပြောပြီးတာနဲ့ မေ့လဲသွားတော့တာပဲ..."
ဦးလေးသုံးက လှေလှော်ရင်း ပြောလိုက်တယ်။
"ကြည့်ရတာတော့ အစ်ကိုလေးက နောက်ခံအတော်လေးရှိတဲ့ပုံပဲ... သက်တမ်းထောင်ချီနေတဲ့ ဖုတ်ကောင်ကတောင် သူ့ရှေ့မှာ ဘာမှမဟုတ်သလို ဒူးထောက်နေခဲ့တာလေ... ဒီလိုမျိုးတစ်ခါမှမမြင်ဖူးဘူး!"

Daomu Biji (Myanmar Translation)Where stories live. Discover now