18

137 20 1
                                    

#Unicode
အခန်း(၁၈)
ဧရာမသစ်ပင်ကြီး
<<<<<

ငါ တွင်းပေါက်ထဲကနေ ဂရုတစိုက် တွားထွက်လာတဲ့အချိန်မှာ မတ်တတ်ရပ်စရာဆိုလို အငူစွန်းသေးသေးလေးပဲရှိတာကို မြင်လိုက်ရတယ်။ ဒီအစွန်းလေးက ချောက်ကမ်းပါးကနေ ဆယ့်ငါးမီတာလောက် စွန်းထွက်နေတယ်။ လေပြင်းတွေလည်းတိုက်နေတာကြောင့် ချောက်ကမ်းပါးကို ဖက်တွယ်ထားရင်း နေရာတစ်ခုလုံးကို သေချာကြည့်နေလိုက်တယ်။

ငါမြင်လိုက်ရတာကို ဘယ်လိုဖော်ပြရမလဲတောင် မသိတော့ဘူး။ ငါ့မျက်စိရှေ့မှာ ဘောလုံးကွင်းအရွယ်အစားလောက်ကြီးနေတဲ့ သဘာဝလိုဏ်ဂူကြီးတစ်ခုရှိနေပြီး လိုဏ်ဂူအမိုးမှာက ဧရာမအက်ကြောင်းကြီးရှိနေတယ်။ အက်ကြောင်းကြီးကနေ လရောင်ကဖြာကျနေပြီး လိုဏ်ဂူတစ်ခုလုံးကို ဝိုးဝဝါးမြင်နိုင်အောင်အထိ လင်းနေတယ်။ လောလောဆယ်မှာ ငါက ဂူရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ချောက်ကမ်းပါးမှာ ရှိနေတာ။ အပေါ်တက်လို့ရမယ့်နည်းရော အောက်ဆင်းလို့ရမယ့်နည်းရော ရှာမတွေ့ပေမဲ့ ပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ ဂူနံရံတွေမှာ အပေါက်လေးတွေနဲ့ ပြွတ်သိပ်နေတာ တွေ့လိုက်ရတယ်။ စက်သေနတ်တွေအများကြီးနဲ့နဲ ဂူနံရံကို အကြိမ်ရေ တစ်ဒါဇင်လောက် ပစ်ထားတဲ့ပုံနဲ့ အပေါက်တွေ ထောင်ချီအောင်ရှိနေတယ်။

အံ့ဩစရာအကောင်းဆုံးအရာကတော့ လိုဏ်ဂူရဲ့အလယ်မှာရှိတဲ့ ဧရာမသစ်ပင်ကြီးပဲ။ သစ်ပင်ကြီးက ဆယ်ထပ်တိုက်တစ်ခုစာလောက် မြင့်ပြီး ပင်စည်ကြီးက လူဆယ်ယောက်လောက် လက်ချင်းချိတ်ပြီးဝိုင်းဖက်ရင်တောင် တစ်ပတ်အပြည့်မဖက်နိုင်လိုက်ဘူး။ ပြီးတော့ သစ်ပင်ကြီးရဲ့အပေါ်မှာ တယ်လီဖုန်းကြိုးတွေလောက် တုတ်ခိုင်တဲ့ နွယ်တွေရှိနေတယ်။ နွယ်တွေက တစ်ခုနဲ့တစ်ခု ကန့်လန့်ဖြတ်သလိုတည်ရှိနေကြပြီး သူတို့နဲ့ထိသမျှအရာတိုင်းကို ရစ်ပတ်နှောင်ထားလေတယ်။ သူတို့ရဲ့ နွယ်နှာမောင်းတွေကလည်း မိုးမခပင်ကိုင်းတွေလို သစ်ပင်ပေါ်ကနေ တွဲလွဲကျနေတယ်။ တစ်ချို့က လေထဲမှာတန်းလန်းရှိနေပြီး တစ်ချို့က မြေပြင်ပေါ်ကိုထိနေကြပြီး တစ်ချို့က ဂူနံရံက အပေါက်တွေထဲအထိရောက်အောင် ရှည်လျားနေတယ်။ ဒီနွယ်တွေက မြင်မြင်ရသမျှအရာတိုင်းကို ဖြန့်ကျက်ထားပြီး နွယ်တစ်ခုနှစ်ခုကတောင် ငါတို့ရှိနေတဲ့ တွင်းပေါက်ရဲ့ အစွန်းကို ထိနေကြောင်း တွေ့လိုက်ရတယ်။

Daomu Biji (Myanmar Translation)Where stories live. Discover now