26

139 18 3
                                    

#Unicode
အခန်း (၂၆)
ခရမ်းရောင် ကျောက်စိမ်းသေတ္တာ
<<<<<

ခရမ်းရောင် ကျောက်စိမ်း သေတ္တာလေးက မကောင်းတဲ့ဝိဉာဉ်တွေဆီကနေ ကာကွယ်ဖို့ အဆောင်အဖြစ်သုံးပြီးလုပ်ကြတဲ့ နီလာခရမ်းကျောက်နဲ့ တစ်ပုံစံတည်းပဲ။ လူအချို့ကပဲ ဒီကျောက်ကို သေတ္တာအဖြစ်လုပ်သုံးကြတာ။ ပြီးတော့ ဒီသေတ္တာကို ကျောက်တစ်ခုတည်းကနေ ထွင်းထုထားတဲ့ပုံပေါက်နေတာကြောင့် အတော်လေးရှားပါးကြောင်းသိသာနေတယ်။ ခရမ်းရောင်ကျောက်စိမ်းက ထွင်းထုဖို့ရော အရောင်တင်ဖို့ရောမလွယ်တာကြောင့် သေတ္တာပေါ်မှာ ဘာပုံစံမှထွင်းထားဘဲ အဖုံးပတ်ပတ်လည်မှာ ရွှေချထားတာပဲရှိတယ်။ ခေါင်းတလားထဲမှာရှိတဲ့ သေတ္တာရဲ့ တည်နေရာအရတော့ အဲ့ဒါကို အလောင်းရဲ့ခေါင်းအုံးအဖြစ်သုံးထားတဲ့ပုံပါပဲလေ။ ကျောက်စိမ်းခေါင်းအုံးတွေဆိုတာက အဖိုးတန်လွန်းတဲ့ လူသုံးကုန်တွေလို့သတ်မှတ်ခံထားရတဲ့အပြင် ခရမ်းရောင်ကျောက်စိမ်းဆိုတော့ ပိုလို့တောင်အဖိုးတန်နေဦးမယ်။ အဲ့ဒီ့ခေတ်တုန်းက ဧကရာဇ်တွေတောင် ဒီလိုမျိုးဆက်ဆံမှုကို ရနိုင်မယ်မထင်ဘူး။

ငါတို့ သေတ္တာကို ဂရုတစိုက်နဲ့အပြင်ကိုထုတ်ပြီး မြေကြီးပေါ်ချလိုက်ပြီးတာနဲ့ သော့ခတ်မထားကြောင်းတွေ့လိုက်ရတယ်။ ဖွင့်လည်းကြည့်လိုက်ရော အထဲမှာ အနားတွေကို ရွှေချည်ကွပ်ထားတဲ့ အဝါရောင်ပိုးသားစာလိပ်တစ်ခုကို မြင်လိုက်ရတာပဲ။ ရွှေချည်တွေကို ပိုးသားထဲမှာ သေချာထည့်သွင်းရက်လုပ်ထားတာကြောင့် အတော်လေးအခြေအနေကောင်းနေသေးတယ်။ ငါတို့ စာလိပ်ကိုဖြေကြည့်လိုက်တော့ "မြေအောက်လောက ဘုရင်ရှန်း၏စာအုပ်" ဆိုတဲ့စာသားတွေကို ဘယ်ဘက်မှာရေးထားပြီး ဘေးဘက်မှာတော့ စာလုံးသေးသေးလေးတွေကို ပြွတ်သိပ်နေအောင်ရေးထားလေတယ်။

ဖက်တီးကတော့ စာလိပ်ကိုမြင်ပြီး သူမဖတ်နိုင် နားမလည်နိုင်တာကြောင့် ပိုးသားစာလိပ်ထက် မြှုပ်နှံကျောက်စိမ်းချပ်ဝတ်ကို ပိုစိတ်ဝင်စားနေတယ်။ မြှုပ်နှံကျောက်စမ်းချပ်ဝတ်နားသွား လေ့လာနေပြီး တစ်ယောက်တည်း ပွစိပွစိရွတ်နေတော့တာပဲ။ မျက်နှာသေက သစ်ပင်ထဲစိုက်နေတဲ့ သူ့ဓားသူ ဆွဲနှုတ်ပြီး ကျောက်စိမ်းအိပ်ရာဘေးမှာ ထိုင်ချရင်း သူ့မျက်လုံးတွေ ဝေဝါးလာတဲ့အထိ လုနိုင်ငံရဲ့ ဘုရင်ရှန်းရဲ့ အလောင်းကို စိုက်ကြည့်နေလေတယ်။

Daomu Biji (Myanmar Translation)Where stories live. Discover now