19

143 19 2
                                    

#Unicode
အခန်း(၁၉)
အမျိုးသမီးအလောင်း
<<<<<

အေးစက်နေတဲ့ အကြည့်က ငါ့ဆံပင်တွေကို ထောင်ထသွားအောင် ကြက်သီးမွေးညင်းတွေထသွားစေပေမဲ့ ငါ့ကိုယ်က အကြည့်မလွှဲလိုက်နိုင်မှန်း သိလိုက်ရတယ်။ ခဏလောက်ကြာတဲ့အထိ ဘယ်လိုတုန့်ပြန်လိုက်ရမလဲဆိုတာကိုတောင် မသိတော့ဘူး။ အခုလောလော ငါက ထွက်ပြေးလို့ရတဲ့နည်းလမ်းမရှိတဲ့ ဝက်အူချောင်းတစ်ချောင်းလို တွဲလောင်းကျနေရတာလေ။ ငါလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ဆုတောင်းပြီး လွတ်မြောက်အောင် အကောင်းဆုံးကြိုးစားဖို့ပဲ။ ဒါပေမဲ့ ဆယ့်ငါးမိနစ်လောက်ကြာအောင် ဇောက်ထိုးဖြစ်နေပြီးတဲ့နောက်မှာ သံချပ်ကာဝတ်အမျိုးသားအလောင်းရော သူ့ရဲ့မျက်လုံးတွေရောကပါ မလှုပ်လာတာကြောင့် ငါပဲထင်ယောင်ထင်မှားဖြစ်မိတာလားလို့ တွေးလိုက်မိတာပဲ။ ဒါပေမဲ့ အဲ့လိုထူးဆန်းတဲ့ မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်ခံရရင် မသေမျိုးတွေတောင် မသက်မသာခံစားရမှာပဲလေ။ နောက်ဆုံးတော့ ငါလည်း ရအောင်အကြည့်လွှဲလိုက်ပြီး အောက်မြန်မြန်ဆင်းရမယ့် နည်းလမ်းကိုရှာရမယ်လို့ ငါ့ကိုယ်ငါပြောနေမိတယ်။ ဇောက်ထိုးနေနေရတာကြာတော့ သွေးတွေအကုန်လုံး ခေါင်းထဲစီးဝင်နေပြီး ငါ့ဦးနှောက်တစ်ခုလုံး ပေါက်ထွက်တော့မယ်လို့ ခံစားနေရတယ်။

အားကုန်သုံးပြီး အပေါ်ကိုလှမ်းကြည့်လိုက်ချိန်မှာတော့ ငါ့ခန္ဓာကိုယ်က အတော်လေးဆိုးရွားတဲ့အခြေအနေမှာ ရှိနေကြောင်း တွေ့လိုက်ရတယ်။ ငါ့အရေပြားတွေက ဒဏ်ရာမရတဲ့နေရာဆိုလို့ တစ်လက်မလေးတောင် မကျန်ခဲ့ဘဲ နွယ်ပင်တွေကလည်း ခြေထောက်မှာရစ်ပတ်နေတယ်။ ပတ်ပတ်လည်ကိုလျှောက်ကြည့်လိုက်မိတော့ ပင့်သက်ရှိုက်လိုက်မိတာပဲ။ မြင်မြင်သမျှနေရာတိုင်းမှာ အလောင်းတွေတွဲလွဲကျနေတယ်လေ။ ဒါဇင်ချီပြီး ရာချီပြီးရှိနေတာလို့ပြောရမဲ့အစား ထောင်သောင်းချီနေတာလို့ပြောရင် ပိုမှန်လောက်မယ်။ လေတိုက်လိုက်တိုင်း လှုပ်ရမ်းနေတဲ့ပုံက အရိုးတွေနဲ့လုပ်ထားတဲ့ ခေါင်းလောင်းတွေနဲ့တူနေပြီး ကြည့်ရတာအတော်လေး အမြင်မသင့်ဖြစ်နေတယ်။

Daomu Biji (Myanmar Translation)Where stories live. Discover now