12

134 24 4
                                    

#Unicode
အခန်း(၁၂)
တံခါး
<<<<<

ငါတို့ကို ခြောက်လှန့်ခဲ့တဲ့ လူရဲ့အိတ်ထဲက စာရွက်တွေပေါ်မှာ မြေပုံနဲ့တူတဲ့ ပုံကြမ်းတွေရှိနေတာကိုသတိရလိုက်တယ်။ အဲ့ဒီ့ပုံကြမ်းတွေထဲမှာ သဲလွန်စအချို့ရှိလောက်မယ်ထင်တာပဲ။ အခုအချိန်မှာ ဘာမဆိုစမ်းကြည့်ဖို့အတွက် ငါဆန္ဒရှိနေတယ်။ ငါ့ရှေ့မှာ လှည့်ဖြားတတ်သော ခုနစ်စဉ်ကြယ်ခေါင်းတလားတွေရှိနေပြီး ငါ့နောက်မှာက မျက်နှာသေတောင် ဒူးထောက်အရိုအသေပေးရတဲ့ မကောင်းဆိုးရွားရှိနေတယ်။ နှစ်ဖက်စလုံးကိုသွားမရဘူးဆိုတော့ ဒီနည်းက အလုံခြုံဆုံးပဲ။

ငါမြေပြင်ပေါ်ထိုင်ချလိုက်ပြီး စာရွက်တွေကိုဖြန့်ပြီး လိုက်ကြည့်မိတယ်။ ပုံတစ်ပုံက ငါခုဏကဝင်လာတဲ့ သင်္ချိုင်းဖောက်သူခိုးလိုဏ်ခေါင်းမတူးခင်က သင်္ချိုင်းရဲ့ ပုံစံကိုဆွဲထားတာဖြစ်နေတယ်။ အောက်မှာ သွေးအလောင်းရဲ့သင်္ချိုင်းဂူရှိတယ်ဆိုတဲ့ မှန်းဆချက်တွေလို ထင်မြင်ချက်တွေအများကြီး ရေးထားတယ်။ ဒါပေမဲ့ လက်ရေးက ဆိုးလွန်းတော့ တစ်ခုမှကိုဖတ်လို့ နားမလည်နိုင်ဘူးဖြစ်နေတယ်။ ငါဖတ်နိုင်တာဆိုလို့ "ကြွေရည်သုတ်မျက်နှာကြက်"ဆိုတဲ့ စာလုံးလိုမျိုး စာလုံးအနည်းငယ်ပဲရှိတယ်။ သူတို့တွေက သွေးအလောင်းရဲ့သင်္ချိုင်းဂူရဲ့ စက်ယန္တရားတွေကို ဘယ်လိုဖျက်စီးမလဲဆိုတဲ့ အကြံတွေမှာ အတော်လေးအားထုတ်ပြီး စဉ်းစားထားကြတယ်ဆိုပေမဲ့ အဆုံးမှာ အကြံတွေအကုန်လုံးကို အကောင်အထည်ဖော်ဖြစ်လားတော့မသိဘူး။ ပြီးတော့ နောက်ထပ်စာရွက်တစ်ရွက်မှာက သစ်ပင်တစ်ပင်က ခြိမ်းခြောက်နေတဲ့ပုံနဲ့ သစ်ကိုင်းတွေကို ဝှေ့ရမ်းပြနေတဲ့ပုံလား တစ္ဆေလက်သည်းပုံလားမသိတဲ့ ပုံတစ်ပုံကိုဆွဲထားတယ်။

စာရွက်တွေကြားထဲ နောက်တစ်ခေါက် လှန်လှောကြည့်လိုက်တော့ နောက်ဆုံးမှာ အသုံးဝင်တဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်။ အဲ့ဒါက အပေါ်စီးကမြင်ရတဲ့ ပုံစံနဲ့ ဆွဲထားတဲ့ သင်္ချိုင်းရဲ့ မြေပုံပဲ။ ရေကန်အောက်မှာ ရှိတဲ့လူသွားလမ်းတစ်ခုနဲ့ လှည့်ဖြားတတ်သော ခုနစ်စဉ်ကြယ်ခေါင်းတလားတွေရှိတဲ့ အခန်းကိုရေးဆွဲထားတယ်။ မြေပုံက အရမ်းကိုရှင်းလင်းနေပေမဲ့ ငါတို့စဝင်လာလာချင်းတုန်းက မြင်ခဲ့ရတဲ့ အဆောင်ခန်းကိုဆွဲထားတာတော့ မမြင်ရဘူး။ ကြည့်ရတာ သူတို့ အဲ့ဒီ့အခန်းထဲမရောက်သေးတဲ့ပုံပဲ။ ငါ တွားသွားပြီးထွက်လာခဲ့တဲ့ လိုဏ်ခေါင်းနဲ့အတူ လိုဏ်ခေါင်းအတွင်းမှာရှိတဲ့ လမ်းခွဲကို ရှင်းရှင်းလင်းလင်းမှတ်ထားတာ မြင်လိုက်ရတယ်။ "ပြိုကျနေ"ဆိုတဲ့ စာလုံးကို တခြားလိုဏ်ခေါင်းရဲ့ဘေးမှာရေးထားတယ်။ ဒါကြောင့်ပဲ ငါသာ တခြားလမ်းကိုရွေးခဲ့ရင် လမ်းအပိတ်ကြီးနဲ့ တွေ့ရမယ်ဆိုတာ သိလိုက်ရတယ်။

Daomu Biji (Myanmar Translation)Where stories live. Discover now