21

129 18 4
                                    

#Unicode
အခန်း (၂၁)
မျက်လုံးစိမ်းမြေခွေးအလောင်း
<<<<<

ဝူရှဲ့ မှင်တက်သွားပြီး တွေးလိုက်မိ၏။ ဒီအသံက ဦးလေး သုံး ရဲ့ အသံနဲ့ အရမ်း ဆင်လွန်းတယ်။ တကယ် ဦးလေးသုံး လား။ ဘာလို့ အသံက နီးနီးလေးက လာသလို ခံစားရတာလဲ။

သူ ခေါင်းလှည့်ပြီး လိုက်ရှာမိသည်။ ဖတ်တီးကလွဲပြီး အနားမှာ ဘယ်သူမှ ရှိမနေပေ။ ဘာတွေဖြစ်နေမှန်း သူ စဉ်းစားနေချိန်မှာပဲ ဦးလေး သုံး ၏ အသံကို ထပ်ကြားလိုက်ရသည်။

"အရမ်း အဆင်အခြင်မဲ့ လုပ်မနေစမ်းနဲ့... မင်းလက်ပေါ်မှာ သွေးတွေရှိနေတာ... အလောင်းပါးစပ်ကို လက်နဲ့ ထိလိုက်တာနဲ့ အလောင်းက ဖုတ်ကောင်အဖြစ် ပြောင်းသွားလိမ့်မယ်..."

အသံလာရာနေရာကို သူ လှည့်ပတ်ကြည့်လိုက်တော့ ၎င်းက ကျောက်စိမ်းစင်ဆီမှ လာနေခြင်းပင်။ သို့သော် ကျောက်စိမ်း၏ အရောင်က အလင်းမဖောက်သည်ဖြစ်ရာ အောက်ဘက်တွင် ဘာရှိနိုင်ကြောင်း ခန့်မှန်းမရနိုင်ပေ။

"ဦးလေးသုံး .."

ဝူရှဲ့ အလျင်အမြန် မေးလိုက်မိ၏။

"ဦးလေး ဒီကျောက်စိမ်းအောက်မှာလား...."

"အကုန်လုံးကို နောက်မှ ရှင်းပြမယ်...."

ဦးလေးသုံးက ပြောလာသည်။

"အခု ငါ ညွှန်ကြားတာကိုသာ လိုက်လုပ်... အဲဒီအမျိုးသမီးအလောင်းရဲ့ခေါင်းကို နှိမ့်ပြီး လည်ချောင်းနားကို မင်းရဲ့လက်မနဲ့ ထောက်လိုက်....ပြီးရင် ခေါင်းနောက်ဘက်ကို ရိုက်ချလိုက်.... မင်းရဲ့လက်မကို သူ့လည်ချောင်းနားမှာ ဆက်ထောက်ထားဖို့ သတိရ.... မဟုတ်ရင် သူက သော့ကို မျိုချပစ်လိုက်လိမ့်မယ်..."

ဝူရှဲ့ သဘောတူလိုက်ပြီး ပြောသည့်အတိုင်း လုပ်လိုက်သည်။ လက်မနှင့် အလောင်းလည်ချောင်းအား ထောက်ထားရင်း ခေါင်းနောက်ဘက်ကို ရိုက်ချလိုက်သည်။ သော့က အလောင်းပါးစပ်ထဲမှ ထွက်ကျလာပြီး ကျောက်စိမ်းစင်ပေါ် ကျ၏။ ဝူရှဲ့ သူ့ပခုံးပေါ်ရှိ အလေးချိန်က လျော့ကျသွားသည်ကို ခံစားလိုက်ရပြီး အမျိုးသမီးအလောင်း၏ လက်များမှာ သူ့ဆီကနေ ကွာကျသွားကာ သူမကိုယ်က ကျောက်စိမ်းစင်ပေါ် ပြိုလဲသွားတော့သည်။

Daomu Biji (Myanmar Translation)Where stories live. Discover now