Chapter 50
ယွင်ချင်းစီ လိုက်ပါလာသည့် လှည်းက နန်းတော်ဆီသို့ ဦးတည်မောင်းနှင်လာ၏။ ၎င်းမှာ ကျယ်ဝန်းတည်ငြိမ်ကာ လမ်းခရီးတစ်လျှောက် လေအလျင်နှယ် သွားလာနိုင်ပေသည်။
နန်းတော်ဂိတ်တံခါးဝသို့ ရောက်သည့်အခါ မျက်နှာကို ပြလိုက်သည်နှင့် တစ်ပြိုင်နက် တပ်သားများက သူ့ကို ချက်ခြင်း ဝင်ခွင့်ပြုလိုက်သည်။
အမတ်ချုပ်ယွင်မှာ ခြေတစ်လှမ်း နောက်ကျသွားကာ တံခါးဝတွင် ဟန့်တားခံလိုက်ရတော့သည်။
လှည်းအပြင်သို့ ခေါင်းထုတ်ကာ ပြောလိုက်၏။ ။
"ဧကရီနဲ့အတူတူ လိုက်လာတာ သူက ဝင်သွားနှင့်ပြီ ..."
အစောင့်များက တုန့်ဆိုင်းသွားတော့သည်။ နန်းတော်ထဲသို့ ဝင်လိုသည့်အခါတိုင်း အမတ်ချုပ်ယွင်ကဲ့သို့သော အမတ်များကအစ ခွင့်ပြုမိန့် တောင်းခံရပေသည်။ ပြီးခဲ့သည့် နှစ်ပေါင်းများစွာအတွင်း နန်းတော်ထဲသို့ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ရသူဟူ၍ ယွင်ချင်းစီ တစ်ဦးတည်းသာ ရှိခဲ့ကာ ထိုစဉ်က လီယင်းနှင့် ထိမ်းမြားခြင်းပင် မပြုရသေးချေ။
ဤသည်မှာ ထီးနန်းဆက်ခံပြီးလျှင်ပြီးချင်း လီယင်း ချမှတ်ခဲ့သည့် စည်းကမ်းဖြစ်သည်။
ယွင်ချင်းစီသည်သာ တစ်ဦးတည်းသောသူဖြစ်သည်။
အမတ်ချုပ်ယွင်ကလည်း အစောင့်များကို အခက်မတွေ့စေလိုသည့်အတွက် ခွင့်ပြုမိန့် တောင်းခံကာ အပြင်ဘက်တွင်သာ စိတ်ရှည်ရှည် စောင့်ဆိုင်းနေလိုက်တော့သည်။
နန်းတော်ထဲတွင် လှည်းများကို အရှိန်ဖြင့် မောင်းနှင်ခွင့် မပြုသည့်အတွက် အထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း အရှိန်လျော့ချလိုက်ရတော့သည်။
ယွင်ချင်းစီက အော်ဟစ်သံများကို ဆူညံစွာ ကြားလိုက်ရသည့်အတွက် တံခါးကိုလှပ်ကာ အကဲခတ်လိုက်၏။ မိန်းမစိုးများက ကိုယ်လုပ်တော်များစွာကို ဆွဲထုတ်လာသည်အား မြင်လိုက်ရတော့သည်။ ယွင်ချင်းစီအနေဖြင့် လူတိုင်းကို မမှတ်မိ၊ ကိုယ်လုပ်တော်အများစုကို တစ်ကြိမ်သာလျှင် တွေ့ခဲ့ဖူးပေသည်။