Chapter 71
Imperial MeowJuly 14, 2023
Chapter 71ယွင်ချင်းစီက ပါးနှစ်ဖက် ဖောင်းထွက်လာသည်အထိ စိုက်ကြည့်နေလိုက်သည်။ သူသည် လီယင်းနှင့် နီးနီးကပ်ကပ် နေကာ ချိူမြိန်သည့် စကားများကို တီးတိုးပြောရခြင်းအား လွန်စွာ သဘောကျလှသူဖြစ်သည်။ လီယင်းအပေါ် ထားရှိသည့် သူ့ခံစားချက်တို့အား ထုတ်ပြရန် မည်သည့်အချိန်ကမှ နှုတ်မတွန့်ခဲ့။
လီယင်းက သူ့ကို ရင့်ကျက်မလာသည့်အတွက် အနည်းငယ် စိတ်ပျက်ကာ သူ့စကားများကို နားမထောင်နိုင်တော့လေတိုင်း တင်းကြပ်စွာ ဖက်တွယ်ရင်း နှုတ်ခမ်းကို ပိတ်ဆို့လိုက်လေ့ရှိသည်။
သို့သော် သူ့ခံစားချက်များကိုမူ ထုတ်ပြလေ့ မရှိ။ တစ်ခါတစ်ရံ ထုတ်ပြောတတ်သည့်တိုင် ထမင်းစားရေသောက်သကဲ့သို့ လွန်စွာ သာမန်ဆန်လွန်းလှပြီး ကတိပြုနေသည်ဟုပင် မခံစားရချေ။ သူ့စကားများမှာ မည်မျှအထိ ရင်ခုန်သွားနိုင်ကြောင်းနှင့် သူ့မျက်နှာမှာ ယခင်အတိုင်း တည်ငြိမ်နေသည့်တိုင် ယွင်ချင်းစီမှာမူ မည်မျှအထိ ရှုပ်ထွေးသွားရကြောင်းလည်း မသိပေ။
ယွင်ချင်းစီက သူ့ကိုယ်သူ အလွယ်တကူ ရင်မခုန်ရန် သတိပေးလိုက်သည်။
"နာကျင်မှုရှိမှပဲ သိရတဲ့အထိ ရူးမိုက်ရသလား ..."
"တောင်းပန်ပါတယ် ..."
လီယင်းက သက်ပြင်းချလိုက်သည်။
"ရှေ့လျှောက် ကိုယ် ပိုပြီး ဉာဏ်ကောင်းအောင် နေပါ့မယ် ..."
ယွင်ချင်းစီမှာ စကားတစ်ခွန်းမှ မပြောနိုင်တော့။
လီယင်း၏ ရင်ခွင်ထဲ တိုးဝင်လျက် မျက်လုံးကို ပွတ်သပ်လိုက်လျှင် လီယင်းက သူ့လက်ကို ဆွဲထားလိုက်၏။
"အားစီ ..."
"မျက်လုံးထဲ ပိုးကောင်ဝင်လို့ ..."
ယွင်ချင်းစီက သူ့လက်ကို ပုတ်ထုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။
"မင်းက တကယ်ကို အာရုံနောက်စရာ ကောင်းတာပဲ ဘာလို့ ဒီလောက်အထိ မွှေးကြိုင်နေအောင် ပြင်ဆင်လာလဲ မသိပေမယ့် ဘဝနှစ်ခုပေါင်းရင် မင်းအသက်က ဘယ်လောက်မိုလို့ ပျားပိတုန်းတွေကို ဆွဲဆောင်ချင်နေသေးရတာလဲ ..."