ချိုမိုင်မိုင် (အပိုင်း ၂၉).
ထုတ်ဝေသူမှာ ဝေဟင့်ကို သိသလို စိုးမင်းပိုင်ကိုလည်း သိနေသည့်နာမည်ကြီးထုတ်ဝေသူတစ်ယောက်ဖြစ်နေလေသည်။ ထိူ့ကြောင့် ချက်ချင်းဆိုသလို သူသည်ခန့်ဘုန်း၏အနားမှ လှစ်ခနဲခွာလိုက်၏။
စိုးမင်းပိုင်၏ပြန်အပ်ပွဲကို လူကြီးတစ်ယောက်အနေဖြင့် လာခဲ့သည့်ထုတ်ဝေသူ ဦးမြင့်လူက စိုးမင်းပိုင်ကို အားပေးစကားပြောပေးသလို ရှေ့ရေးအတွက်လိုအပ်သည့်အကူအညီတွေကိုလည်း ပေးမည့်အကြောင်းပြောလေသည်။
ပြန်အပ်ပွဲ မပြီးခင် ဦးမြင့်လူပြန်သွား၍ ဝေဟင်အသက်ရှူချောင်သွားသလို ခံစားရလေသည်။ ငြိမ်းသွယ်နှင့် စိုးမင်းပိုင်တို့ လူကြီးတွေနှင့်စကားပြောနေသည့်အချိန် ခန့်ဘုန်း၏အနားသို့သူပြန်ရောက်လာလေသည်။ ခန့်ဘုန်းက သူ့ကိုမျက်ရည်ဝဲကာကြည့်နေလေသည်။ ထို့နောက်သူ့ရှေ့မှာတင် မျက်ရည်တို့ကို လက်မောင်းဖြင့်ဆွဲသုတ်လိုက်၏။
"ပိစိ..."
သူပခုံးကို လှမ်းဖက်လိုက်သည့်အခါ ခန့်ဘုန်းက သူ့ကိုတွန်းထုတ်လိုက်၏။
"လာမဖက်နဲ့...နင့်ရဲ့ပရိတ်သတ်တွေ မြင်ကုန်ပြီး နင့်အောင်မြင်မှုတွေ ထိခိုက်နေဦးမယ်"
"ဘယ်သူမှမရှိဘူး..."
ပြောပြီး သူက ပြန်ဖက်ထား၏။ ခန့်ဘုန်းက သူ့ရင်ဘက်ထဲ၌မျက်နှာကိုကွယ်ထားပြီး ရှိုက်ငိုသည်။
"တိတ်တော့... မငိုနဲ့။ ဘာလို့ငိုတာလဲ။ "
"ငါ့ဘာသာ ငိုချင်လို့ငိုတာ...ဘာဖြစ်လဲ"
"မငိုနဲ့ဟာ...လှလည်းမလှဘဲနဲ့"
ခန့်ဘုန်းက သူ့ကို ဘာမှမပြောဘဲ ငြိမ်ပြီးငိုနေလေသည်။ သူပြန်ခါနီးကြမှ ခန့်ဘုန်းကိုဖက်ထားရာကနေခွာပြီးသက်ပြင်းချလိုက်၏။
"ငါ ပြန်တော့မယ်ပိစိ"
"နင် အိမ်ပြန်မလာတော့ဘူးလား"
"အချိန်တန်ရင် ပြန်လာမှာပေါ့"
"ဘယ်အချိန်ထိလဲ"
"ခဏပဲ"
"ငါ မစောင့်ချင်ဘူး"
သူ မျက်နှာမကောင်း ဖြစ်သွားလေသည်။ သို့သော် ခန့်ဘုန်းကိုသူဘာမှအပြစ်မတင်ပေ။
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘