ချိုမိုင်မိုင် (အပိုင်း ၄)
ပြဿနာတစ်စုံတစ်ခု ဖြစ်တော့မှာကို သိနေသော်လည်း မျက်နှာချင်းဆိုင်တွေ့နေမှတော့ ရှောင်သွားဖို့လည်း စိတ်ကူးမရှိပေ။ခန့်ဘုန်းမေ၏ မေမေသည် ဒေါသကြီးသည့်အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသိထားသလို အဆင့်အတန်းဆိုသည့်အရာကိုလည်းလက်ကိုင်ထားသူဖြစ်လေသည်။ အပေါင်းအသင်းထားလျှင်ပင် အဆင့်အတန်းတူသူကို ထားတတ်ခိုင်းကြောင်း သူ့ဘော်ဒါတွေကနေတစ်ဆင့် ဝေဟင်ပိုင်သိပြီးသားဖြစ်လေသည်။
"ငါ့သမီးကို ရည်းစားစာတွေပေးပြီး ကြိုက်နေတာ မင်းလား"
မျက်နှာချင်းဆိုင်လာမေးတော့ သူကငြင်းဖို့စိတ်ကူးမရှိပေ။ ခန့်ဘုန်းမေ၏မေမေ ဒေါ်မာမာမြင့်က မျက်မှောင်ကျုံ့ပြီး အထင်သေးသလိုကြည့်ကာမေးလေသည်။ဒါကြောင့်သူကလည်း ရှင်းရှင်းပဲပြန်ဖြေသည်။
"ဟုတ်တယ်...ကျွန်တော်နဲ့ခန့်ဘုန်းကြိုက်နေတာ"
"မင်းက ဘယ်အခန်းကလဲ။ မင်းမိဘတွေကဘယ်သူလဲ"
"ဂျီခန်းက ဝေဟင်ပိုင်ဆိုတာ ကျွန်တော်ပါ။အမေတို့က သပြေရပ်ကွက်က"
သပြေရပ်ကွက် ဆိုသည်နှင့် ဒေါ်မာမာမြင့်က မျက်နှာပျက်သည်။သပြေရပ်ကွက်ဆိုသည်မှာ သူတို့နယ်မြို့မှာ ဆင်းရဲပြီး လူပေါင်းစုံနေထိုင်သည့်ရပ်ကွက်တစ်ခုဖြစ်သည်။ စရိုက်ဆန်သည့်လူတွေစုပြုံနေကြသည်ဆိုလည်းမမှားပေ။ ဒါကြောင့် ဒေါ်မာမာမြင့်မျက်နှာပျက်သွား၏။ သို့သော် သူ့ကိုတော့ မကြည်သော်လည်း မိဘနာမည်နှင့် အိမ်လိပ်စာအတိအကျတွေပါမှတ်သွားလေသည်။ဝေဟင်မှာ ကြောင်တောင်တောင်ဖြင့် အကုန်ပြန်ဖြေခဲ့ရလေသည်။
စိတ်ထဲမှာတော့ မတင်မကျဖြစ်နေ၏။ဒါ့အပြင် ခန့်ဘုန်းမေကိုလည်း သူစိတ်ပူနေမိသည်။ ဒေါ်မာမာမြင့်က သူ့သမီးကိုလည်း သူမရိုက်ဘူးဟုမဆိုနိုင်ပေ။ပထမတစ်ခါကပင် ရိုက်ထားတာကို ငြိမ်းသွယ်တို့ပြန်ပြောပြ၍သူသိထားလေသည်။ ထို့ကြောင့် သူ့မှာ ထိုတစ်နေ့လုံး ခန့်ဘုန်းမေကိုစိတ်ပူနေမိသည်။
......... ........ .......... ........... ......... .......... ..........."အောင်မလေး...ကြောက်ပါပြီမေမေရဲ့...ကြောက်ပါပြီ"
ခန့်ဘုန်းမေ၏ အော်သံမှာ တစ်အိမ်လုံး ကျယ်လောင်သွားလေသည်။ ဒေါ်မာမာမြင့်၏ရိုက်ချက်က ပြင်းသလိုခန့်ဘုန်းမေမှာ ကျောပင်ကော့ကော့သွားရလေသည်။
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘