part 43

12.1K 221 2
                                    

ချိုမိုင်မိုင် (အပိုင်း ၄၃)

မမြင်အောင်၊ မတွေ့အောင် တမင်ရှောင်ဖယ်၍ လွတ်လွတ်ကင်းကင်း နေဖို့ရည်ရွယ်ထားသမျှ အခုတော့လည်းခန့်ဘုန်းကိုယ်တိုင်ပင် နေ့စဥ်နှင့်အမျှမြင်တွေ့နေရလေသည်။ ဆေးကုနေသည့်အချိန်ကာလတစ်ခုလုံး ဘေးကနေအစစအရာရာသတိပေးနေရ၏။

"အန်တီလေး သူ့ကို အဲ့ဒါတွေ မကျွေးနဲ့နော်။"

"သူ့ကို အဲ့ဒါတွေမတိုက်ရဘူး"

ဝေဟင့်အစားအသောက်ကို တာဝန်ယူနေသည့် အန်တီလေးကို ခန့်ဘုန်းမှာအကုန်ပြန်မှာနေရလေသည်။ ခန့်ဘုန်းပြောလျှင် အမြဲခေါင်းညိတ်ပြီးအန်တီလေးကနားထောင်ပေမဲ့ ဝေဟင့်ကိုဆီးချိုတိုင်းလိုက်လျှင် အမြဲတမ်းဆီးချိုကတက်နေလေသည်။

"မဆင်မခြင်စားသောက်နေရင်တော့ ကုပေးနေလည်းအလကားဘဲ။ အဲ့လိုသာဆီးချိုတွေတောက်လျှောက်တက်နေရင် အရေးအကြောင်းအက်ဆီးဒန့်ဖြစ်ရင်တောင် မခွဲစိတ်နိုင်ဘဲ သေလိမ့်မယ်။ ဆက်လုပ်ပေါ့...သေချင်ရင်"

ခန့်ဘုန်းထိုသို့ပြောသည့်အခါ၌ ဝေဟင်ကခေါင်းငုံ့ပြီးနားထောင်နေတတ်သည်။ဘာတစ်ခွန်းမှပြန်မပြောပေ။ ပြောနေသည့်ခန့်ဘုန်းကပင်မတော်တရားပြောနေသည့် ပုံစံမျိုးဖြစ်လေသည်။ ခန့်ဘုန်းမှာ သူ့ကိုဘာမှမပြောချင်၍ ပစ်ထားလိုက်သည့်အခါ ညနေပိုင်းဆိုဆေးခန်းကိုလိုက်လာတတလေသည်။

"ပိစိ...."

သူဆေးခန်းထဲ ဝင်လာပြီဆိုရင် အရင်ဆုံး ခန့်ဘုန်းကိုအသံပေးပြီး ခန့်ဘုန်းကတစ်ချက်ကြည့်မှ သူကခုံမှာဝင်ထိုင်နေတတ်သည်။ ခန့်ဘုန်းလူနာကိုကြည့်နေသည့်အချိန်ဆို ဘေးကနေလိုက်ကြည့်နေတတ်၏။ တစ်ခါတလေ ခန့်ဘုန်းလိုအပ်သည့်ပစ္စည်းလေးများကိုသွက်သွက်လက်လက်ပင် ယူပေးတတ်လေသည်။သူ့ကိုသိပြီးသားလူနာများက သူ့ကြောင့်ခဏခဏဆေးခန်းပြန်လာတာများလည်းရှိ၏။ကလေးတွေထက် ကလေးအမေများကပိုဆိုးလေသည်။

"ရုပ်ရှင်မင်းသား ဝေဟင်မလားဟင်"

"ဟယ်...မင်းသားက ဒီဆေးခန်းမှာ အမြဲရှိတယ်တော့"

ကလေးတွေကို ဆေးခန်းလာပြသည့် ကလေးမေမေတွေကြောင့် ခန့်ဘုန်းမှာသက်ပြင်းချရလေသည်။ဝေဟင့်ကိုမလာဖို့ပြောလည်း သူကရောက်ရောက်လာလေသည်။ ကလေးအမေတွေနှင့်လည်းဖော်ဖော်ရွေရွေ ဆက်ဆံပေးသလိုကလေးတွေကိုလည်း ချော့တတ်မြှူတတ်သေး၏။သူကလေးတွေကို မြှူပြီဆိုလျှင် ခန့်ဘုန်းအလိုလိုဒေါသထွက်လာတတ်သည်။ ကလေးတွေကိုချီလျှင် သူ့ကိုရိုက်ပုတ်ချင်သည်။ကလေးတွေကိုသကြားလုံးပေးတာကိုပင် ခန့်ဘုန်းအမြင်မကြည်ပေ။

ချိုမိုင်မိုင်Where stories live. Discover now