ချိုမိုင်မိုင် (အပိုင်း ၃၈)
မနေတာ ကြာပြီဖြစ်သည့် အမေ့အိမ်မှာ ပြန်တည်းရတာ ခန့်ဘုန်းအတွက် အနေမခက်တာအံ့သြစရာကောင်းလှသည်။ ညဘက်ထမင်းဝိုင်းရောက်တော့ အမေပြင်ဆင်နေသည့်နေရာမှာ ခန့်ဘုန်းကူညီပေးဖို့ သွားသည့်အခါ အသဲတုံးကအရင်ကူနေလေသည်။အမေ့ကိုလည်း တိုးတိုးတိတ်တိတ်ကပ်ပြီး ပူဆာနေပုံရသည်။
"သဲသဲကို ဂါဝန်အသစ်လေး ဝယ်ပေးနော်အမေ့"
"အမေဝယ်ပေးထားတာတွေ များနေပြီလေ"
"သဲသဲ အသစ်လိုချင်လို့ပါဆို...အမေကလည်း"
"အေးပါကွယ်...အေးပါ။ အမေဝယ်ပေးမယ်"
အသဲတုံး နူတ်ခမ်းစူလိုက်သည်နှင့် အမေကလိုက်လျောပြီးသားဖြစ်နေလေသည်။ ခန့်ဘုန်းမီးဖိုချောင်ထဲဝင်လာသည့်အခါ အသဲတုံးကမော့ကြည့်နေ၏။ ထို့နောက်ထမင်းပန်းကန်တွေကိုသယ်ပြီး အိမ်ရှေ့ထွက်သွားလေသည်။
"အသဲတုံးက အမေ့ကို ဘာတွေပူဆာနေတာလဲဟင်"
ခန့်ဘုန်းမေးတော့ အမေက ပြုံးကာ...
"ဂါဝန် အသစ်လိုချင်လို့တဲ့။ ဟိုတစ်နေ့က စျေးလိုက်လာပြီးအဲ့အင်္ကျီကိုသူမြင်ထားတာ။ စျေးသည်ကိုတောင် သဲသဲတို့ကသွားပြောထားလိုက်သေးတယ်။သမီးလာဝယ်မှာ။တခြားလူကိုမရောင်းနဲ့နော်တဲ့"
"အသဲတုံးလိုချင်နေတဲ့ အင်္ကျီကို မနက်ဖြန်ကြရင် သမီးသွားဝယ်ပေးချင်တယ်။ အသဲတုံးကိုခဏခေါ်သွားမယ်နော်အမေ"
"အေး...ခေါ်သွားလေ"
အမေ့ဆီကနေ ခွင့်ပြုချက်ရတော့ ခန့်ဘုန်းပြုံးလိုက်မိသည်။ ထမင်းစားကြသည့်အခါ အသဲတုံးကလိမ္မာပါသည်။တစ်အိမ်လုံးကိုဦးချပြီးမှ စား၏။ခန့်ဘုန်းကိုဟင်းထည့်ပေးတော့ ခန့်ဘုန်းပျော်ပါသည်။ အမေက အသဲတုံးကိုကြည့်ကာ...
"သဲသဲ..."
"ရှင်...."
"မနက်ဖြန်ကြရင် ခန့်ဘုန်းကအင်္ကျီဝယ်ပေးမယ်တဲ့စျေးကို လိုက်သွား"
"ဟင်...သဲသဲကို ဝယ်ပေးမှာလားအဲ့မမက"
"အင်း....လိုက်သွားနော်သဲသဲ"
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘