ချိုမိုင်မိုင် (အပိုင်း ၂၆)
မေမေ့အိမ်ရောက်သည့်အခါ အန်တီလေးက ကလေးကိုချီထားလေသည်။မေမေတို့က စကားကောင်းနေကြ၏။အရင်က ခန့်ဘုန်းနှင့်ဝေဟင်ကြောင့် စကားများခဲ့ကြသည့်အမေနှစ်ယောက်မှာ အခုတော့ပြေပြေလည်လည်နှင့် မြေးတစ်ယောက်ကိုနှစ်ဖက်ခွဲချစ်နေကြလေသည်။
ကိုကိုနှင့်ခန့်ဘုန်းရောက်လာ၍ အန်တီလေးက ဝေဟင့်ကိုမေးလေသည်။မင်္ဂလာဆောင်စဥ်က ဝေဟင့်ကိုတွေ့ဖူးသည့်အန်တီလေးက နောက်တစ်ခေါက်တွေ့ဖိူ့မျှော်လင့်ထားပုံရလေသည်။
"ဝေဟင် မပါဘူးလား"
"သူပြန်မလာသေးဘူး အန်တီလေး"
ဝေဟင်တမင်တကာမလိုက်သည်ကို မပြောချင်၍စကားကိုလွှဲပြောလိုက်၏။ ကိုကိုကတော့ ဘာမှဝင်မပြောပေ။ အန်တီလေးလက်ထဲက ကလေးကို ကိုကိုယူချီကာထိန်းနေလေသည်။
"အကြီးကောင်လေးက အိမ်ထောင်မပြုသေးဘူးလား"
အန်တီလေးအမေးကြောင့် အမေကမျက်နှာလေးတွန့်ပြကာ....
"ဒီတစ်သက်ယူဖြစ်မယ် မထင်ဘူး။ မယူတာလည်းကောင်းပါတယ်။ တူတွေတူမတွေထိန်းပေါ့"
အမေ့စကားကို ကိုကိုကရယ်လေသည်။
"ထိန်းမှာပေါ့အမေရယ်...အသဲတုံးလေးကိုပဲ ထိန်းတော့မယ်"
"အဲ့ဒါသာကြည့်တော့ အငယ်ကောင်ကမွေးပေမဲ့ အသဲတုံးကို လက်ကမချရတာ အကြီးကောင်ပဲ။ သူ့တူမကို ငိုသံအထွက်မခံဘူး။ "
"ခန့်ဘုန်းမေ ညည်းအစ်ကိုကိုကျေးဇူးတင်လိုက်တော့"
အန်တီလေးက စလေသည်။ ကိုကိုကပြုံးနေ၏။မေမေကတော့ပြေပြေလည်လည်ရှိသွားသည့် နှစ်ဖက်ဆွေမျိုးဆက်ဆံရေးကို ပြုံးပြီးကြည့်နေတတ်သည်။
မေမေ့အိမ်ကနေပြန်တော့ အမေက ကလေးကိုချီပြီးဆိုက်ကားနှင့်ပြန်၏။ခန့်ဘုန်းက ကိုကို့နောက်ကနေ စက်ဘီးစီးပြီးလိုက်ခဲ့သည်။ အိမ်ပြန်ရေယက်သည့်အခါ ဝေဟင့်ကိုအရိပ်အယောင်မတွေ့ရပေ။အခန်းထဲမှာလှဲပြီး ဖုန်းသုံးနေလေသည်။ အရင်ကဆိုလျှင် ကိုကိုနှင့်အတူတူအပြင်သွားပြီး ပြန်လာလျှင် ရန်ရှာတတ်သည့်ဝေဟင်မှာ အခုတော့ကိုကိုနှင့် အတူတွဲထွက်သွားသည်ကိုမြင်တုန်းကလည်း ဘာမှမဖြစ်သလို ပြန်လာတော့လည်းစောင့်ကြည့်ဖော်ပင်မရတော့ပေ။
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘