ချိုမိုင်မိုင် (အပိုင်း ၃၇)
မန္တလေးမှာ အနေကြာလာသည့် ခန့်ဘုန်းက မန္တလေးသူတစ်ပိုင်းဖြစ်လာခဲ့လေသည်။ မတွေ့တာကြာပြီဖြစ်သည့် ငြိမ်းသွယ်နှင့် စုရှင်းခိုင်မှာ ခန့်ဘုန်းကိုရန်ကုန်အလည်ခေါ်လေသည်။ဖုန်းအဆက်အသွယ်ကိုခန့်ဘုန်းဘက်ကပဲ လုပ်လေ့ရှိပေမဲ့ဒီတစ်ခါတော့ သူတို့နှစ်ယောက်ကခန့်ဘုန်းကို ရအောင်ဆက်သွယ်ပြီးခေါ်လေသည်။
"ခန့်ဘုန်း နင်လာခဲ့နော်။ မလာရင်စိတ်ဆိုးမှာ"
ငြိမ်းသွယ်က ဖုန်းဆက်ရင်း စိတ်ကောက်ပြလေသည်။
"ငါမလာတော့ နင်တို့မန္တလေးကို လာခဲ့ပေါ့"
"စုရှင်းက လာလို့ရရင်တောင် ငါကလာလို့မရဘူးခန့်ဘူးရေ"
"ဟင်...ဘာဖြစ်လို့လဲ"
"ငါ့ယောကျ်ားက စိတ်မချလို့...ဟိဟိ"
ခန့်ဘုန်း ဖုန်းပြောရင်းပြုံးလိုက်မိသည်။ ငြိမ်းသွယ်ကအပိုပြောတာမဟုတ်မှန်းလည်း သိနေ၏။ ယူကာစငြိမ်းသွယ်တို့လင်မယားဘယ်လို နေထိုင်ခဲ့ကြသည်ကိုတွေ့မြင်ခဲ့ဖူးသည်မို့ မယုံစရာမရှိပေ။ တစ်နယ်တကျေးဝေးလံသည့်နေရာကို ရိုက်ကူးရေးသွားလုပ်ရသည်ကိုပင် ငြိမ်းသွယ်ကိုရအောင်ခေါ်သွားတတ်သည့်စိုးမင်းပိုင်အကြောင်းကို ခန့်ဘုန်းသိလေသည်။ သူ့မိန်းမကိုမန္တလေးမလွတ်တာအပြစ်မမြင်နိုင်ပေ။
"ဟဲ့ခန့်ဘုန်း"
"ဟင်...."
"ရန်ကုန်လာခဲ့နော်"
"မလာချင်ပါဘူး ငြိမ်းသွယ်ရယ်။ "
"နင်ဘာလို့မလာချင်လဲ ငါသိပါတယ်နော်။ ဒါပေမဲ့ လာခဲ့ပါဟာ။ငါမမွေးခင်လေး သူငယ်ချင်းတွေဆုံရအောင်"
"နင်က အားတိုင်းမွေးနေတာကိုး"
"ဟဲ...ဟဲ...နင်ကလည်း အခုမှ ကလေးယူတာ လေးနှစ်လောက်ပဲရှိပါသေးတယ်ခန့်ဘုန်းရယ်"
"လေးနှစ်မှာ နှစ်ယောက်နဲ့တစ်ဗိုက်ဆိုတာလည်း ပြောဦးလေ"
ငြိမ်းသွယ်က အားရပါးရရယ်လေသည်။ ရိုးရိုးအထွေထွေကုဆရာဝန်တစ်ယောက်ဘဝနှင့်ပင် ငြိမ်းသွယ်ကကျေနပ်ခဲ့သည်။ ကျောင်းပြီးခါနီးမှာစာမေးပွဲတစ်ခါကျ၍ ခန့်ဘုန်းတို့ထက်နောက်ကျပြီးမှဆရာဝန်ဖြစ်ပေမဲ့ ငြိမ်းသွယ်ကအေးဆေးပင်။
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘