ချိုမိုင်မိုင် (အပိုင်း ၁၂)
ညနေပိုင်း ယောက်ျားဖြစ်သူ ပြန်လာသည့်အခါ ဒေါ်နွဲ့ရီမှာ ကလေးတွေမသိအောင် ပထုတ်လာခဲ့ရသည်။ ခြံရှေ့မှာ နှစ်ယောက်သားထိုင်ရင်း ပြောရမည့်စကားကို အစရှာနေလေသည်။
"ဘာဖြစ်နေတာလဲ နွဲ့ရီ"
"တော့်သားအကြောင်း ပြောမလို့"
"အိမ်ထဲမှာပြောလည်း ရတာပဲ"
"ရှင်ကလည်း တကယ်ထဲမှပဲ။ အိမ်ထဲမှာပြောလို့ရမှဖြင့် ကျုပ်က အိမ်ရှေ့ထွက်ထိုင်ပြီး တော့်ကို ခေါ်ပြောပါ့မလား"
ဒေါ်နွဲ့ရီက ဆူတော့လည်း လူအေးကြီး ဦးတင့်က ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်လေသည်။
"တော့်သားက ဟိုတစ်ယောက်နဲ့အတူနေချင်ပြီ။ မင်္ဂလာမြန်မြန်ဆောင်ပေးပါတဲ့။ အဲ့ဒါ ဘယ်လိုလုပ်ပေးကြရင်ကောင်းမလဲ"
"မင်းသဘောပဲလေ။ မင်းအဆင်ပြေသလိုလုပ်ပေးလိုက်ပါ"
"ကျုပ်က တော်နဲ့တိုင်ပင်ပါတယ်ဆိုမှ မင်းသဘောကြီးပဲပြောမနေနဲ့လေ။ဘယ်လိုလုပ်ရင်ကောင်းမလဲ စဥ်းစားပေးဦးမှပေါ့။နေရာတကာ ကျုပ်ခြေကျုပ်လက်တွေကြီးပဲ"
အရာရာမှာ ဇနီးဖြစ်သူ၏သဘောအတိုင်း လုပ်ဆောင်နေကြဖြစ်သလို ဇနီးကမပါမဖြစ်။ဆုံးဖြတ်ချက်တိုင်းကိုလည်း နာခံနေကြမို့ဦးတင့်အနေနှင့် ထွေထူးပြီးအကြံညဏ်မပေးတတ်ပေ။
"နွဲ့ရီရယ်...မင်းပဲအမြဲတိုင်း ဦးစီးနေကြလေ။ငါကဘယ်လိုလုပ်အကြံပေးတတ်မှာလဲ။မင်းပဲကောင်းသလိုလုပ်၊ မင်းလုပ်ရင်ဘယ်တော့မှမမှားဘူး။သမီးကိုလည်းမျက်နှာမငယ်ရရင်ပြီးရော"
ဦးတင့်က ချွေးမအတွက်ကိုတော့ ထည့်စဥ်းစားပေးလေသည်။ချွေးမလေးအိမ်ရောက်စက အရိုက်ခံရသည်ကိုပင်စိတ်မကောင်းဖြစ်ပြီး မိန်းမကိုဆူပူခဲ့သေးသည်။ဇနီးဖြစ်သူက အဆိုးကြီးထဲကမဟုတ်တာကို ကိုယ်တိုင်အသိဆုံးဖြစ်၍လိုသည်ထက်ဘာမှ မပြောခဲ့ပေ။
"ဒါဖြင့် ကျုပ်အငယ်ကောင်နဲ့ဟိုကလေးမကို မင်္ဂလာဆောင်ပေးလိုက်တော့မယ်။"
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘