အပိုင်း - (၂၉)

4.4K 399 22
                                    

နယ်အုပ်ရုံးဖွင့်ပွဲပြီးတော့ မြို့အုပ်မင်းတို့က မြို့ပြန်ဖို့ပြင်ကြသည်။ အစကတော့ အစီအစဥ်မရှိသေးပေမယ့် မင်းကတော်လေးက ပစ်တိုင်းထောင်ကို ဒီနှစ်ဟိုက်စကူးပြန်ဖြေစေချင်ကြောင်း၊ ဒင်္ဂါးသာ ခေါင်းညိတ်မယ်ဆိုရင် ဒီမှာမင်္ဂလာဆွမ်းကျွေးပြီး တစ်ခါတည်းခေါ်သွားချင်ကြောင်း အဘနဲ့အစ်မကိုပြောလာသည်။

အဘကလည်း ဒင်္ဂါးရဲ့သဘောထားကိုနားလည်စွာ လူလေးဆန္ဒရှိတဲ့အတိုင်းလုပ်ပါလို့သာ ပြောသည်။ အစ်မငွေမှုန်ကတော့ ဘာပဲဖြစ်ဖြစ် မငြင်းသာမယ့်အတူတူ အခုနေလက်ခံလိုက်ရင် မောင်ငယ်ပစ်တိုင်းထောင်လည်း စာကျက်ချိန်ပိုရလာပေလိမ့်မည် ဆိုတာကတစ်မျိုး၊ မောင်ငယ်က အငယ်လက်မခံမချင်း ပြန်မယ့်ပုံမပေါ်ဘူး ဆိုတာတစ်ဖုံ နားချနေသည်မို့ ဒင်္ဂါးမှာ လူကြီးတွေကောင်းသလိုစီစဥ်ပါ ဟူ၍သာ လက်ခံလိုက်ရတော့သည်။

အခုလည်း ရွာဦးကျောင်းဆရာတော်ဆီမှာ မင်္ဂလာဆွမ်းကပ်ပြီးတာနဲ့ မြို့ပြန်ဖို့ပြင်နေကြသည်ကို မိကဲတို့တစ်စုနဲ့ ကိုဘမော်တို့ကာလတစ်သိုက်က အိမ်ရှေ့မှာ ပစ္စည်းဝိုင်းတင်ရင်း လူစည်နေကြခြင်းပင်။

" ဟ!. မိကဲရာ. ဘယ်နှယ့်ကြောင့် အဲလောက်ငိုနေရတာလဲ... ရွှေဒင်္ဂါးနဲ့တစ်သက်လုံးမတွေ့ရတော့မှာကျနေတာပဲ "

" ကိုကြီးပစ်တိုင်းထောင်က ခေါ်သွားတဲ့လူဆိုတော့ ပြောအားရှိတာပေါ့... မိကဲတို့က ဒီမှာလွမ်းကျန်နေခဲ့ရမယ့်လူလေ "

မော်တော်ကားဘေးမှာရပ်ပြီး တရှုံ့ရှုံ့ငိုနေတဲ့မိကဲကို ပစ်တိုင်းထောင်က ခါးနှစ်ဖက်ထောက်ရပ်ကြည့်ရင်းဆိုသည်။

" အောင်မာ. ညည်း အဲသလိုပြောကြေးဆို ငါလည်း ခွေးပုကိုထားခဲ့ရတာပဲလေ "

" တူမလားလို့. ကိုကြီးပစ်တိုင်းထောင်ရဲ့... တခြားမပြောနဲ့... အသွေးအမွေးပဲယှဥ်ကြည့်ပါဦး... ကိုကြီးပစ်တိုင်းထောင်ယူသွားတာက မိကဲတို့ရွာကသူကြီးသား ဖြူနုနု၊ ဖွေးဥဥလေး... ထားခဲ့တာက အသားမည်းရတဲ့အထဲ ကျီးကန်းကဘဲဥကိုချီချင်နေတဲ့လူမျိုးလေ "

မိကဲက ကားအနောက်ဘက်မှာ အထုတ်တွေတင်နေတဲ့ ခွေးပုကို မျက်စောင်းတထိုးထိုးနဲ့ ပျစ်ပျစ်နှစ်နှစ်ပြောတော့ ခွေးပုမျက်နှာရှုံ့မဲ့သွားသည်။ အသက်မတိမ်းမယိမ်းအရွယ်လေးတွေမို့ သူကြီးတို့လူကြီးတွေကတော့ ပြုံးပြုံးနဲ့သာ နားထောင်နေတော့သည်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now